Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရက္ခိုင့်တပ်တော်နှင့် ဆက်စပ်သည်ဟု စွပ်စွဲချက်ဖြင့် ဖမ်းဆီး တရားစွဲဆိုခံထားရသည့်အမှုများနှင့်ပတ်သက်၍ မီဒီယာများသို့ သတင်းမပေးရဟု မိသားစုများအား စစ်ကောင်စီတပ်က ခြိမ်းခြောက်ထား

ABN – သူရမောင်

ရခိုင်တွင် ရက္ခိုင့်တပ်တော်နှင့် ဆက်စပ်သည်ဟုဆိုကာ စစ်ကောင်စီတပ်မှ ဖမ်းဆီးပြီး မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇ (၁)၊ နိုင်ငံတော် ဆူပူလှုံ့ဆော်မှု ပုဒ်မ ၅၀၅ (က) နှင့် စစ်ပုန်ကန်မှု ရာဇသတ်ကြီး ဥပဒေပုဒ်မ ၁၃၁ တို့ဖြင့် အမှုဖွင့် တရားစွဲခံထားခဲ့ရသည့် အမှုများနှင့်ပတ်သက်၍ မိသားစုများအား မီဒီယာများထံသို့ သတင်းမပေးရဟု စစ်ကောင်စီတပ်က ခြိမ်းခြောက်တားမြစ်ခြင်းထားကြောင်း စုံစမ်းသိရှိရသည်။

ဖမ်းဆီးချိန်နှင့် ရုံးစထုတ်စစ်ဆေးသည့် အစောပိုင်းကာလများတွင် သတင်းမီဒီယာများအနေဖြင့် သက်ဆိုင်ရာ မိသားစုများအား ဆက်သွယ်ပြီး သတင်းရေးသား ဖော်ထုတ်ရေးသားနိုင်ခဲ့ကြသော်လည်း နှောင်းပိုင်းကာလများတွင် ထိုအမှုများနှင့်ပတ်သက်၍ သတင်းသမားများအနေဖြင့် သတင်းရေးသားနိုင်ခြင်းမရှိသည်ကို တွေ့လာရသည်။

ABN သတင်းဌာနအနေဖြင့် စစ်ကောင်စီတပ်က မတရားဖမ်းဆီးပြီး ထောင်ချရန် ကြိုးစားနေသည့် အခြေအနေများအား အများပြည်သူ သိရှိနိုင်စေဖို့ ဖမ်းဆီးခံထားရသူများ၏ မိသားစုများအား ဆက်သွယ် မေးမြန်းရန် ကြိုးစားခဲ့သော်လည်း စစ်ကောင်စီတပ်က သတင်းမီဒီယာများအား သတင်းမပေးရဟု ခြိမ်းခြောက်တားမြစ်ထားသည်ကို တွေ့ရသည်။

မီဒီယာများကို သတင်းမပေးဖို့နှင့် သတင်းပေးလျှင် ပြန်လွှတ်မပေးတော့ကြောင်း စစ်ကောင်စီတပ်က ခြိမ်းခြောက်ပြောဆိုထားခြင်းကြောင့် မီဒီယာများ သတင်းမေးလျှင် မဖြေရဲကြောင်း ကျောက်တော်မြို့နယ်မှ မတရားအသင်းဆက်သွယ်မှုဖြင့် တရားရင်ဆိုင်နေရသူ တစ်ဦး၏ ဇနီးမယားတစ်ဦးက ပြောသည်။

“ကျမတို့က သတင်းမီဒီယာက မေးတာကို ပြောပြချင်တယ်။ ဒါပေမယ့်လည်း တပ် (စစ်ကောင်စီ) က မီဒီယာတွေကို သတင်းမပေးနှင့် သတင်းပေးရင် မလွှတ်ပေးတော့ဘူး။ စစ်ပြီးလို့ အပြစ်မရှိရင် ပြန်လွှတ်ပေးမယ်” ဟု ပြောကြောင်း အမည်မဖော်လိုသူ ကျောက်တော်မြို့နယ်မှ အမျိုးသားဖြစ်သူ ဖမ်းဆီးခံထားရပြီး မတရားအသင်းဆက်သွယ်မှုဖြင့် တရားစွဲခံထားရသည့် ဇနီးသည် တစ်ဦးက ပြောသည်။

လူသိများ ထင်ရှားသည့် အမှုများမှာ မြောက်ဦးမြို့မှ ကိုရင်ဆို့ (ခ) ကိုကျော်ဇံဝေ၊ မင်းပြားမြို့ လက်ထောက်ပညာရေးမှူး ဦးတင်မျိုးဇော်၊ ကျောက်တော်မြို့မှ ဦးဇော်ဝင်း (ခ) လူထုဇော်ဝင်း နှင့် ကျောက်တော်မြို့နယ်မှ ဆန်စက်ပိုင်ရှင် ဦးလှမောင်သန်းတို့ အမှုဖြစ်သည်။

ကိုကျော်ဇံဝေအား စစ်ကောင်စီတပ်က စက်တင်ဘာလ ၁၉ ရက်နေ့တွင် မြောက်ဦးတရားရုံး၌ ပထမဆုံးအကြိမ် ရုံးထုတ်ခဲ့သည့် အချိန်မှစကာ ကိုကျော်ဇံဝေအမှုမှာ သတင်းမီဒီယာများတွင် ရေးသားဖော်ပြမှု မရှိသလောက် နည်းပါးလာခဲ့သည်ကို တွေ့ရသည်။

ဇန်နဝါရီလအစောပိုင်းက ABN သတင်းဌာနက ကိုကျော်ဇံဝေ၏ ဇနီးအားဆက်သွယ်မေးမြန်းခဲ့စဉ် ၎င်းအနေဖြင့် ပြန်လည်ဖြေကြားခြင်းမရှိခဲ့ပေ။ သို့သော် မျက်မြင်များ၏ ပြောဆိုချက်အရ ကိုကျော်ဇံဝေအမှုအား ပုံမှန်ရုံးထုတ်စစ်ဆေးလျက်ရှိနေကြောင်း ၎င်း၏ ဇနီးအနေဖြင့်လည်း ရုံးချိန်းချိန်တိုင်းကို ပျက်ကွက်မှုမရှိ တက်ရောက်နေကြောင်း သိရသည်။

သို့သော် ရုံးချိန်းပုံမှန်ထုတ်ကာ စစ်ဆေးမေးမြန်းမှုများ ရှိနေသော်လည်း စစ်ကောင်စီက အမှုအား သတင်းမီဒီယာများအား အင်တာဗျူးဖြေဆိုခြင်းများ မပြုလုပ်ရဟု ခြိမ်းခြောက်ခံထားရကြောင်း ခိုင်လုံသည့် သတင်းအရင်းအမြစ် တစ်ဦးက ပြောသည်။

၂၀၂၂ ခုနှစ် စက်တင်ဘာလ ၁၉ ရက်နေ့တွင် စစ်တွေ ပြည်နယ်ပညာရေးမှူးရုံးမှခေါ်၍ သွားရာမှ ဖမ်းဆီးခံခဲ့ရသည့် မင်းပြား ဒု-ပညာရေးမှူး ဦးတင်မျိုးဇော်၏ အမှုမှာလည်း သတင်းမီဒီယာများနှင့် အင်တာဗျူး ဖြေဆိုခြင်း သတင်းပေးခြင်းများ မပြုလုပ်ရဟု ရခိုင်ပြည်နယ် စစ်ကောင်စီက တားမြစ်မှုရှိကြောင်း စုံစမ်းသိရှိရသည်။

ပြီးခဲ့သည် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလအကုန်ထိ မင်းပြား ဒု-ပညာရေးမှူး ဦးတင်မျိုးဇော် အမှုအား ABN နှင့်တခြားသော ရခိုင်ဒေသတွင်းမီဒီယာများက ဖော်ပြခဲ့ကြသော်လည်း နှောင်းပိုင်းတွင် ဖုန်းဆက်သွယ်၍ သတင်းရယူနိုင်ခြင်း မရှိတော့သည်ကို တွေ့ရသည်။

ဦးတင်မျိုးဇော်၏ အမှုအား မီဒီယာတွင် ဆက်လက်မဖော်ပြရန်နှင့် ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်ခဲ့သည့် မြန်မာ့လွတ်လပ်ရေးနေ့တွင် ပြန်လည်လွတ်မြောက်လာနိုင်ခြေရှိသည်ဟု စစ်ကောင်စီတပ်က ပြောထားကြောင်းသိရပြီး အကယ်၍ မီဒီယာပေါ်တွင် ဆက်လက်ဖော်ပြနေပါက အမှုသည်မှာ အခက်အခဲကြားသို့ ပိုမိုကျရောက်နိုင်ခြေရှိနေသည်ဟု ဦးတင်မျိုးဇော်နှင့် ဆက်စပ်သူ တစ်ဦးက ABN ကို ဒီဇင်ဘာလ နောက်ဆုံးပတ်က ပြောခဲ့သည်။

သို့သော်လည်း မင်းပြား ဒုပညာရေးမှူးမှာ ပြန်လည် လွတ်မြောက်လာခဲ့ခြင်း မရှိသေးသည့်အပြင် ဇန်နဝါရီလ ၄ ရက် လွတ်လပ်ရေးနေ့က မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အကျဉ်းသား ၇၀၀၀ ကျော်ကို ပြန်လည်လွတ်ပေးခဲ့သော်လည်း ရခိုင်ပြည်တွင် နိုင်ငံရေးအကျဉ်သား တစ်ဦးတစ်လေမျှပင် လွတ်မြောက်လာခဲ့ခြင်းမရှိခဲ့ပေ။

ဇန်နဝါရီလ ၆ ရက်နေ့က မင်းပြားမြို့နယ်မှ ဒုပညာရေးမှူး ဦးတင်မျိုးဇော်အား စစ်တွေထောင်ချုပ်မှ မင်းပြားမြို့ရှိ စစ်ကောင်စီတပ်စခန်းများသို့ ရွေ့ပြောင်းလိုက်ကာ မင်းပြားမြို့နယ်တရားရုံးတွင် ယနေ့အချိန်ထိ ရုံးထုတ်စစ်ဆေးမှုများကို ပုံမှန်လုပ်ဆောင်နေကြောင်း အမည်မ‌ဖော်လိုသည့် သတင်းရင်းမြစ်၏ သတင်းပေးချက်အရ သိရှိရသည်။

ထို့အတူ ကိုကျော်ဇံဝေနှင့် ဦးတင်မျိုးဇော်တို့၏ အမှုများအပါအဝင် ရခိုင်ပြည် မြို့နယ်အသီးသီးမှ ဖမ်းဆီးကာ စစ်ကောင်စီတပ်မှ မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇(၁)၊ ရာဇသတ်ကြီးပုဒ်မ ၁၃၁နှင့် နိုင်ငံတော်ဆူပူလှုံ့ဆော်မှု (သို့) နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က)တို့ဖြင့် အမှုဖွင့်ခံထားရသည့် အမှုသည်များမှာ မြို့နယ်တရားရုံးအသီးသီးတွင် ဆယ်ကြိမ်ထက်မနည်း တရားရုံးထုတ်ခံနေကြရသော်လည်း တရားလို စစ်ကောင်စီအနေဖြင့် တရားခွင်သို့ တက်ရောက်ရန် ပျက်ကွက်လျက်ရှိနေသည်။

ရခိုင့်လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့ ဥက္ကဌ ဦးမြတ်ထွန်းက စစ်ကောင်စီအနေဖြင့် ထိုသို့တားမြစ်ထားခြင်းသည် လူ့အခွင့်အရေးချိုးဖောက်ရာရောက်ကြောင်းနှင့် မီဒီယာဆိုသည်မှာလည်း အများပြည်သူ သိသင့်သိထိုက်သည့် အမှန်တရားများကို ရေးသားဖော်ပြခြင်းသာဖြစ်သည်ဟု အဓိပ္ပာယ်ဖွင့်ဆိုထားကြောင်း ပြောသည်။

“မီဒီယာဆိုတာက ပြည်သူတွေ သိသင့်သိထိုက်တဲ့ အမှန်တရားကို ဖော်ပြခြင်းသာဖြစ်တယ်လို့ အဓိပ္ပာယ်ဖွင့်ဆိုထားပါတယ်၊ အခုလိုမျိုး မလုပ်ရလို့ ပိတ်ပင်လိုက်တာက လူ့အခွင့်အရေးချိုးဖောက်တာဖြစ်တယ်လို့ ပြောချင်ပါတယ်” ဟု ၎င်းကဆိုသည်။

ရခိုင်ပြည်နယ်ရှိ အကျဥ်းထောင်၊ ထောင်ချုပ်နှင့် အချုပ်ခန်းများတွင် မတရားအသင်း ဆက်သွယ်မှု ဥပဒေ၊ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ၊ စစ်ပုန်ကန်မှု ဥပဒေများဖြင့် တရားရင်ဆိုင်နေရသူ ၁၀၀ ကျော်ခန့်ရှိနေသော်လည်း သတင်းမီဒီယာများအနေဖြင့် အမှုများနှင့် ပတ်သက်၍ အသေးစိပ် မရနိုင်ဘဲ ဖြစ်နေသည်။

စစ်တွေအကျဉ်းထောင်တွင် မတရားအသင်းဆက်သွယ်မှုပုဒ်မဖြင့် ဖမ်းဆီးတရားစွဲခံထားရသူ ၅၀ ခန့်၊ ကျောက်ဖြူ အကျဥ်းထောင်တွင် ၄၀ ကျော်၊ ကျောက်တော်ရဲစခန်း အချုပ်ခန်းတွင် ၁၀ ဦးကျော်၊ မြောက်ဦး၊ မင်းပြား၊ တောင်ကုတ်၊ သံတွဲ တို့တွင် ၅ ဦးခန့်မျှ ရှိကြောင်း ABN ၏စာရင်းများအရ သိရသည်။

ရက္ခိုင့်တပ်တော်နှင့် ဆက်စပ်သည်ဟု စွပ်စွဲချက်ဖြင့် ဖမ်းဆီး တရားစွဲဆိုခံထားရသည့်အမှုများနှင့်ပတ်သက်၍ မီဒီယာများသို့ သတင်းမပေးရဟု မိသားစုများအား စစ်ကောင်စီတပ်က ခြိမ်းခြောက်ထား

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ