Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မြောက်ဦးတွင် စစ်ကောင်စီပစ်လက်နက်ကြီးကျည် ထိမှန်ကာ ၁၈နှစ်အောက်အမျိုးသမီးငယ် ၁ဦး သေဆုံး၊ ကလေးငယ် ၁ဦးဒဏ်ရာပြင်းထန်စွာ ရရှိ

မြောက်ဦးတွင် စစ်ကောင်စီပစ်လက်နက်ကြီးကျည် ထိမှန်ကာ ၁၈နှစ်အောက်အမျိုးသမီးငယ် ၁ဦး သေဆုံး၊ ကလေးငယ် ၁ဦးဒဏ်ရာပြင်းထန်စွာ ရရှိ

AB News – မတ်လ ၁၅၊ ၂၀၂၄

ရက္ခိုင်ပြည်၊ မြောက်ဦးမြို့တွင် အကြမ်းဖက်စစ်ကောင်စီအဖွဲ့က ပစ်ခတ်သည့် လက်နက်ကြီးကျည်စ ထိမှန်ကာ ယနေ့​ မတ်လ ၁၅ရက်၊ နံနက် ၁၀နာရီကျော်အချိန်တွင် အသက် ၁၈နှစ်အောက်အမျိုးသမီးငယ် ၁ဦး သေဆုံးပြီး ကလေးငယ် ၁ဦးဒဏ်ရာပြင်းထန်စွာရရှိ​ခဲ့ကြောင်း ဒေသခံများက အတည်ပြုပြောဆိုသည်။

လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် သေဆုံးခဲ့ရသူမှာ မြောက်ဦးမြို့နယ်၊ ရွာဟောင်းတောရွာမှ မလှခိုင်ကြည် (ခ) မဘုမ ၁၆နှစ်ဖြစ်ကြောင်း သိရသည်။

ထို့အပြင် အဆိုပါရွာမှ အဖ နေလင်းအောင်၏ သား မောင်စိုးဝင်း ၄နှစ်၏ ခြေသလုံးတွင် လက်နက်ကြီးကျည်စ ထိမှန်ကာ ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သည်။

ယနေ့​ နံနက် ၁၀နာရီကျော်အချိန်တွင် စစ်တွေမြို့အခြေစိုက် စစ်ကောင်စီတပ်စခန်းမှ ပစ်ခတ်သည့် လက်နက်ကြီးကျည်သည် မြောက်ဦးမြို့တွင် ကျရောက်ပေါက်ကွဲကာ  အသက် ၁၈နှစ်အောက်အမျိုးသမီးငယ် ၁ဦး သေဆုံး၊ ကလေးငယ် ၁ဦးဒဏ်ရာပြင်းထန်စွာရရှိ​ခဲ့သည်ဟု ဒေသခံ ၁ဦးက ပြောသည်။

“ဒီနေ့ မနက်က မြောက်ဦးမြို့ကို အတွဲလိုက်ဒုံးတွေနဲ့ ပစ်ခတ်ခဲ့တယ်။ နေရာ ၄ခုမှာ ကျရောက်ပေါက်ကွဲတယ်လို့ ကြားသိရတယ်။ ရွာဟောင်းတောရွာမှာတော့ အမျိုးသမီးငယ် ၁ဦး သေဆုံးပြီး ကလေး ၁ဦး ဒဏ်ရာရခဲ့တယ်” ဟု ဆိုသည်။

အကြမ်းဖက်စစ်ကောင်စီအဖွဲ့က ပစ်ခတ်သည့်လက်နက်ကြီးကျည်သည် မြောက်ဦးမြို့နယ်ရှိ ရွာဟောင်းတောရွာ၊ ပီပင်ကုန်းရွာ၊ သင်္ကျိတ်တောင်နှင့် လက်ဆည်ကန်အနီးပတ်ဝန်းကျင်တွင် ကျရောက်ပေါက်ကွဲခဲ့သည်။

လက်နက်ကြီးကျည်စ ထိမှန်ကာ ဒဏ်ရာရရှိခဲ့သည့် မောင်စိုးဝင်းမှာ အရေးပေါ်ဆေးကုသမှု ခံယူနေရကြောင်း သိရသည်။

ယမန်နေ့ မတ်လ ၁၄ရက်နေ့တွင် ပေါက်တောမြို့နယ်မှ ပြည်သူ ၁၄ ဦးသည် ပုဏ္ဏားကျွန်းမြို့တွင်  စျေးဝယ်ရန်လာစဉ်လက်နက်ကြီးကျည်ထိမှန်ကာ ၃ ဦး​သေဆုံးပြီး ၁၁ ဦးမှာ ဒဏ်ရာအပြင်းအထန်ရရှိခဲ့ကြောင်း ပုဏ္ဏားကျွန်းလူငယ်များအစည်းအရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။

ပြီးခဲ့သည့် မတ်လ ၁၂ ရက်နေ့ကလည်း ပုဏ္ဏားကျွန်းမြို့နယ် တန်းစွယ်ရွာမှ စစ်ဘေးရှောင်မိသားစု ၄ဦးသည် ရွာပြန်လာချိန်တွင် လက်နက်ကြီးကျည်ထိမှန်ပြီး ၂ ဦးသေဆုံးကာ ၂ဦး ဒဏ်ရာရရှိခဲ့ကြသည်။

စစ်ကောင်စီသည် ၎င်းတို့ စစ်ရှုံး၍ ထွက်ပြေးခဲ့ရသည့် နေရာ ဒေသများအား လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ လေကြောင်းတိုက်ခိုက်ခြင်းများ မကြာခဏ ပြုလုပ်လေ့ ရှိသောကြောင့် ဒေသခံပြည်သူများမှာ ထိခိုက် သေဆုံးမှု မြင့်တက်လျက်ရှိသည်။

Website
www.arakanbaynews.com  

Facebook
https://www.facebook.com/arakanbaynewsinfo?mibextid=ZbWKwL

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ