Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မြေပုံတွင် ငါးရှာနေသည့် ရခိုင်အမျိုးသားနှစ်ဦးအား ဗမာစကားပြောသူ ၂ ဦးမှ သေနတ်ဖြင့် ပစ်သတ်၊ ၁ ဦးသေဆုံး

ABN – သူရမောင်

ရခိုင်ပြည်၊ မြေပုံမြို့နယ် မြေပုံမြစ်အတွင်းရှိ သံသမ မီးပြကျောက်ဆောင်အနီးတွင် ငါးရှာနေသည့် ရခိုင်အမျိုးသား ၂ ဦးအား ဗမာစကားပြောသူ ၂ ဦးမှ သေနတ်ဖြင့် ပစ်သတ်သဖြင့် ၁ ဦး သေဆုံးသွားခဲ့ပြီး ၁ ဦးမှာ ထွက်ပြေးလွတ်မြောက်လာကြောင်း ဒေသတွင်း သတင်းပေးပို့ချက်အရ သိရသည်။

သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရသူမှာ မြေပုံမြို့နယ် ထူးချေရွာမှ အဖ ဦးမောင်ရွှေသိန်း၏သား ကိုမောင်ဆန်းညွန့် ၃၅ နှစ်ဖြစ်ပြီး ကိုမောင်ဆန်းညွန့်မှာ ထူးချေရွာမှ သူ့မိတ်ဆွေဖြစ်သည့် ဦးအောင်ရွှေသိန်း၏သား ကိုဇော်မင်းသိန်း ၂၆ နှစ်နှင့်အတူ ကျောက်ကပ်ပိုက်ချနေစဉ် ယနေ့ ဖေဖော်ဝါရီလ ၈ ရက် နံနက် ၄ နာရီ ၃၅ မိနစ်တွင် သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရခြင်းဖြစ်သည်။

၎င်းတို့နှစ်ဦးမှာ မြေပုံမြစ်အတွင်းရှိ သံသမ မီးပြကျောက်ဆောင်အနီးတွင် ငါးရှာချနေစဉ် ဘုတ်တစ်စီး သူတို့အနီးသို့ ရောက်ရှိလာခဲ့ပြီး ဗမာစကားပြောသူနှစ်ဦးမှာ သေနတ်ကိုယ်စီ ကိုင်ဆောင်လာခဲ့ကာ ကမ်းသို့လိုက်ပို့ပေးရန်ခိုင်းသဖြင့် လိုက်ပို့ပေးစဉ် သေနတ်ဖြင့် ကိုမောင်ဆန်းညွန့်အား ပစ်သတ်ခဲ့ကြောင်း လွတ်မြောက်လာသူ ကိုဇော်မင်းသိန်း၏ ထွက်ဆိုချက်အရ သိရသည်။

“ကျွန်တော်တို့ လှေရပ်ပြီးတော့ ပိုက်ချနေချိန်မှာ ကျွန်တော်တို့အနီးကို ဘုတ်တစ်စီး ကပ်လာပါတယ်၊ ဘုတ်ပေါ်က သေနတ်ကိုင်ထားတဲ့ လူနှစ်ယောက် ဆင်းလာပြီး သူတို့ကို ကမ်းကိုလိုက်ပို့ ခိုင်းပါတယ်၊ သူတို့ ၂ ယောက်စလုံးက ဗမာစကားပြောပါတယ်၊ ကျွန်တော်တို့လည်း ကြောက်ကြောက်နဲ့ လိုက်ပို့တုန်းမှာပဲ သူတို့က ပြောတယ်၊ ကျွန်တော်တို့ကို မအော်နဲ့တဲ့၊ အော်ရင် ပစ်သတ်လိုက်မယ်လို့ ပြောနေတုန်းမှာပဲ မောင်ဆန်းညွန့်ကို သေနတ်နဲ့ ပစ်လိုက်တာပါ၊ ကျွန်တော်လည်း ကြောက်ကြောက်နဲ့ ရေထဲခုန်ချပြီး ထွက်ပြေးလာခဲ့တာပါ” ဟု ထွက်ဆိုထားသည်။

ဗမာစကားပြောသည့် လက်နက်ကိုင် ၂ ဦးမှာ ကိုဇော်မင်းသိန်းနှင့် ကိုမောင်ဆန်းညွန့်တို့ ငါးရှာနေသည့် လှေအားလည်း ယူဆောင်သွားကြောင်း ၎င်း၏ထွက်ဆိုချက်အရ သိရသည်။

ထိုအခင်းဖြစ်ပွားစဉ် သေနတ်သံတစ်ချက်ကိုလည်း အနီးအနားရှိ ငါးဖမ်းလှေများမှ ကြားလိုက်ရကြောင်း လုံခြုံရေးအရ အမည်မဖော်လိုသည့် ငါးဖမ်းသမားတစ်ဦးက ပြောသည်။

“အချိန်က ၄ နာရီကျော်လောက်ရှိမယ်၊ ကျွန်တော်လည်း ကိုယ့်ဘာသာကိုယ် ပိုက်ချနေတာ၊ ပိုက်ချနေတုန်းမှာပဲ သေနတ်ဖောက်သံတစ်ချက်ကြားလိုက်ပါတယ်” ဟု ၎င်းကဆိုသည်။

ထို့အပြင် ယနေ့နံနက်ပိုင်းက စစ်ကောင်စီတပ်သားများမှ ထူးချေရွာထဲသို့ ဝင်ရောက်ကာ အခင်းဖြစ်ပွားရာမှ လွတ်မြောက်သွားခဲ့သည့် ကိုဇော်မင်းသိန်းအား နေအိမ်သို့ ဝင်ရောက်ရှာဖွေခဲ့ကြောင်း သိရသည်။

သေနတ်ဖြင့် ပစ်သတ်ခံလိုက်ရသည့် ကိုမောင်ဆန်းညွှန့်၏ ရုပ်အလောင်းကိုလည်း ရယူနိုင်ခြင်းမရှိသေးကြောင်း ရွာသားတစ်ဦးက ပြောသည်။

သေနတ်သမား ၂ ဦးမှာ အရပ်ဝတ်များ ဝတ်ထားပြီး ၎င်းတို့မှာ စစ်ကောင်စီတပ်သားများ ဟုတ် မဟုတ်ကိုမူ အတည်မပြုနိုင်သေးပေ။

လက်ရှိအချိန်တွင် ကိုဇော်မင်းသိန်းမှာ ရက္ခိုင့်တပ်တော် AA တပ်ဖွဲ့ဝင်များထံတွင် ဝင်ရောက်ခိုလှုံလျှက်ရှိနေကြောင်း သိရသည်။

မြေပုံတွင် ငါးရှာနေသည့် ရခိုင်အမျိုးသားနှစ်ဦးအား ဗမာစကားပြောသူ ၂ ဦးမှ သေနတ်ဖြင့် ပစ်သတ်၊ ၁ ဦးသေဆုံး

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ