Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မောင်တော စစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးခံရသည့် မအေးမြစန္ဒာ ၂ လကြာလာသည်အထိ မိသားစုနှင့်တွေ့ခွင့်မရသေး

နိုဝင်ဘာလ ၁ရက်နေ့ကတည်းက မောင်တောမြို့နယ် ကြိမ်ချောင်းစစ်ဆေးရေး ဂိတ်တွင် ဖမ်းဆီးခံခဲ့ရသည့် မအေးမြစန္ဒာနှင့် ကယ်ရီသမား မောင်မောင်ကျော်တို့အား မိသားစုဝင်များနှင့် ၂ လထိကြာလာသည့်တိုင် တွေ့ခွင့်မရသေးကြောင်း မိသားစုဝင်များက ပြောသည်။

သူတို့ နှစ်ဦးကို ဒီဇင်ဘာလ ၅ ရက်နေ့က ရုံးထုတ်စစ်းဆေးမည်ဟု မိသားစုဝင်များကို ဖုန်းဆက်ပြီး အကြောင်းကြားခဲ့သည့်အတွက်ကြောင့် မိသားစုဝင်များက ရုံးတွင်သွား၍ ရုံးထုတ်မည့်အချိန်ကို ထိုင်စောင့်နေခဲ့ကြသော်လည်း ရုံးထုတ်ခြင်း မရှိသည့်အပြင် သူတို့၏ သတင်းကိုပင် မကြားသိခဲ့ရကြောင်း မအေးမြစန္ဒာ၏ အမေဖြစ်သူ ဒေါ်မဌေး ကပြောသည်။

” သူတို့က ရုံးထုတ်စစ်ဆေးမယ်ဆိုပြီးပြောပါတယ်၊ အဲဒါကြောင့် ကျွန်မတို့သွားခဲ့ကြပါတယ်၊ ဒါပေမယ့် မစစ်ဆေးပါဘူး၊ ကျွန်မတို့ ညနေပိုင်း ၅နာရီထိ ထိုင်စောင့်နေခဲ့ကြပါတယ်၊ ဒါပေမယ့် မစစ်ဆေးတဲ့အပြင် တွေ့ခွင့်လည်းမရခဲ့ပါဘူး၊ သတင်းလည်း ဘာမှ မသိခဲ့ရပါဘူး” ဟု ပြောသည်။

၎င်းတို့နှစ်ဦးကို နခခ (၇) တပ်မထဲတွင် ဖမ်းဆီးထားကြောင်း စုံစမ်းသိရှိရသဖြင့် မိသားစုဝင်များက တွေ့ခွင့်ပေးရန် တောင်းဆိုကြသော်လည်း ၎င်းတို့ ၂ ဦးအား ထိုတပ်တွင် ဖမ်းဆီးထားခြင်း မရှိဟု ပြောလိုက်ကြောင်း မအေးမြစန္ဒာ၏ အမေက ဆက်ပြောသည်။

“နခခ (၇) တပ်မထဲမှာဖမ်းထားတယ်ပြောလို့ သွားတွေ့ကြပါတယ်၊ ဒါပေမယ့် သူတို့က(နခခ ၇) မရှိဘူးပြောပါတယ်၊ ဖမ်းဆီးခံရတဲ့နေ့တည်းက တကြိမ်မှမတွေ့ရသေးပါဘူး” ဟုဆိုသည်။

သူတို့နှစ်ဦးကို မတရားအသင်းဆက်သွယ်မှု ဥပဒေ ပုဒ်မ ၁၇ (၁) (၂) ဖြင့် အမှုဖွင့်ခံထားရသည်သိထားရသော်လည်း ယနေ့အချိန်ထိ ရုံးတင်စစ်ဆေးခြင်း တစ်ကြိမ်မျှ မရှိသေးသည့်အပြင် တွေ့ခွင့်ပင် မရ၍ မိသားစုဝင်များမှာ စိုးရိမ်သောကရောက်နေရကြောင်း ဆိုသည်။

ကြိမ်ချောင်းနယ်ခြားစောင့် စစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးခံရသည့် အသက် ၂၅နှစ်အရွယ် မအေးမြစန္ဒာနှင့် ဆိုင်ကယ် ကယ်ရီမောင်းသူ အသက်၂၈နှစ်အရွယ် မောင်မောင်ကျော်တို့မှာ မောင်တောမှ မင်းပြားသို့ပြန်လာစဥ် ပြီးခဲ့သည့် နိုဝင်ဘာ ၁ ရက်နေ့က ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

မအေးမြစန္ဒာ မှာ ဆယ်တန်း ၂ နှစ်ကျ ကျောင်းသူ တစ်ယောက်ဖြစ်ပြီး ယခုနှစ်တွင်လည်း ဆယ်တန်းဖြေရန် ကျောင်းတက်နေသူတစ်ဦးဖြစ်သည်။

မအေးမြစန္ဒာမှာ မင်းပြားမြို့နယ် ပြိုင်းတောရွာမှ ဖြစ်ပြီး ကယ်ရီသမား မောင်မောင်ကျော်မှာ မောင်တောမြို့နယ် အောင်တဗွေရွာမှ ဖြစ်သည်။

ရခိုင်တွင် စစ်ကောင်စီတပ်မှ ယခုနှစ် အောက်တိုဘာ၊ နိုဝင်ဘာလ များတွင် ဖမ်းဆီးထားသည့် အရပ်သားပြည်သူများကို ရက္ခိုင့်တပ်တော်နှင့် ဆက်စပ်သည်ဟု စွပ်စွဲကာ စစ်တပ်က တရားလိုလုပ်ပြီး မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မဖြင့် တရားစွဲဆိုမှုများ ပြုလုပ်လျက်ရှိသည့်အပြင် ကျောက်ဖြူတွင် အရပ်သား ၁၀၀ ကျော်နှင့် ဘူးသီးတောင်တွင် အရပ်သား ၂၀၀ ကျော်တို့ကို ဖမ်းဆီးရန် ဖမ်းဝရမ်းထုတ်ထားကြောင်းလည်း သိရသည်။

မောင်တော စစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးခံရသည့် မအေးမြစန္ဒာ ၂ လကြာလာသည်အထိ မိသားစုနှင့်တွေ့ခွင့်မရသေး

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ