Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
နေအိမ်ဖျက်ဆီးခံရကာ အမှုဖွင့်တရားစွဲဆိုခံထားရသည့် ရမ်းဗြဲဒေသခံ ၂ ဦးအမှု တတိယအကြိမ်းရုံးထုတ်၊ လိုပြသက်သေကို စစ်ဆေး

နေအိမ်ဖျက်ဆီးခံရကာ အမှုဖွင့်တရားစွဲဆိုခံထားရသည့် ရမ်းဗြဲဒေသခံ ၂ ဦးအမှု တတိယအကြိမ်းရုံးထုတ်၊ လိုပြသက်သေကို စစ်ဆေး

ABN-ရာဟု

သြဂုတ် ၅ ရက်

ရခိုင်ပြည်နယ် ရမ်းဗြဲမြို့တွင်းရှိ နေအိမ်နှင့် ထမင်းဆိုင်ဖျက်ဆီးခံရကာ ပုဒ်မ ၉(၁)နှင့် အမှုဖွင့်တရားစွဲဆိုခံထားရသည့် ရမ်းဗြဲ ဒေသခံ ၂ ဦးကို တတိယအကြိမ် ရုံးထုတ်ရာ တရားလိုပြသက်သေကို စစ်ဆေးခဲ့ပြီး တရားရုံးက ရုံချိန်း ထပ်မံချိန်းဆိုလိုက်သည်ဟု သိရသည်။

ရမ်းဗြဲမြို့နယ်တရားရုံးတွင် ဇူလိုင်လ ၂၁ရက်နေ့ က ပထမဆုံးအကြိမ် နှင့်ဇူလိုင်လ ၂၆ရက်နေ့တွင်ဒုတိယအကြိမ် တရားရုံးက ခေါ်ယူခဲ့သော်လည်း တစ်စုံတစ်ရာစစ်ဆေးခြင်းများပြုလုပ်ခြင်းမရှိဘဲ တတိယအကြိမ်ရုံးချိန်းတွင် တရားလိုပြသက်သေတစ်ဦးကို စစ်ဆေးမှုပြုလုပ်ကာ ထပ်မံရုံးချိန်းလိုက်သည်ဟု ဦးအောင်လွှင်၏ သားကပြောသည်။

“ပထမအကြိမ်နဲ့ဒုတိယအကြိမ်က မစစ်ဆေးဘဲ ရက်ချိန်းဘဲပေးလိုက်တာ၊ ခုတတိယအကြိမ်မှာတော့ တရားလိုပြသက်သေတစ်ဦးကို စစ်ဆေးတယ်။ ထပ်ရုံးချိန်းလိုက်တာပါ ” ဟု ဦးအောင်လွှင်သား ကိုပြည်ငြိမ်းလွှင်က ABN သို့ပြောသည်။

တရားစွဲဆိုခံရသူ ၂ဦးမှာ ဦးအောင်လွှင် အသက်၅၇ နှစ်နှင့် ၄င်း၏ညီဖြစ်သူ ဦးမောင်သန်းဌေး (ခ) မောင်ပွား အသက် ၄၀နှစ်တို့ဖြစ်ပြီး မြို့တွင်းရှိ အချက်အချာကျသည့် အမှတ်(၃)ရပ်ကွက်၊ စောမဲကြည်အ လမ်းရှိ အနံပေ ၅ဝ၊ အလျားပေ ရဝ ကျော်ရှိသည့်​ ၎င်းပိုင်အိမ်ကို ဇူလိုင်လ ၃ ရက်နေ့ နံနက် ၁၁ နာရီခွဲတွင် ရဲအပါအဝင် ဌာနဆိုင်ရာ ၅ခုမှ လူအင်အား ၁ဝဝ ခန့်က အင်အားသုံးဖြိုဖျက်ခဲ့ခြင်းဖြစ်ကာ ၎င်းနှင့်အတူ ညီဖြစ်သူကိုပါ ဖမ်းဆီးခဲ့သည်။

လမ်းဦးစီးဌာန ဦးစီးအရာရှိ ဦးငြိမ်းချမ်းက တရားလိုလုပ်ပြီး အစိုးရအိမ်ရာဥပစာနှင်ထုတ်ခြင်းအက်ဥပဒေပုဒ်မ ၉(၁)ဖြင့် ရမ်းဗြဲမြို့မရဲစခန်းတွင်ဇူလိုင်လ ၄ရက်နေ့က အမှုဖွင့်ခဲ့သည်။

ပုဒ်မ ၉(၁)မှာ ပြစ်မှုထင်ရှားပါက ထောင်ဒဏ် ၃ နှစ်အထိဖြစ်စေ၊ ဒဏ်ငွေ ၁သိန်းမှ ၅သိန်းအထိဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးကိုဖြစ်စေ တပြိုင်းနက်တည်း ချမှတ်ခံရနိုင်သည်ဟု သိရသည်။

ဦးအောင်လွှင်မှာ အစာအိမ်ရောဂါဝေဒနာအခံရှိပြီး ၎င်း၏ညီ ဦးမောင်သန်းဌေး(ခ)မောင်ပွားမှာ စိတ်ပုံမှန်မဟုတ်သည့်အခြေအနေများဖြစ်နေသဖြင့် ဆေးဝါးကုသရန် ဆရာဝန်ထောက်ခံချက် လက်မှတ်ဖြင့် ဇူလိုင်လ ၁၇ ရက်မှစတင်ကာ မြို့မရဲစခန်းအချုပ်ခန်းအတွင်းမှ လွှတ်ပေးခြင်းခံထားရသည်။

ဦးအောင်လွှင်မိသားစုမှာ နေအိမ်အသိမ်းခံလိုက်ရသဖြင့် ဆွေမျိုးများနေအိမ်တွင် ကပ်နေရသလို ဦးအောင်လွှင်မှာလည်းကျန်းမာရေးမကောင်းသဖြင့် အခက်အခဲများဖြစ်လျှက်ရှိနေသည်ဟု မိသားစုဝင်များ၏ ပြောပြချက်အရ သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ