Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ညောင်ချောင်း စစ်ဘေးရှောင်စခန်းတွင် သွေးလွန်တုပ်ကွေးဖြစ်နေသူ ၂၀ ကျော်ရှိပြီး ဆေးကုသရန် အခက်အခဲရှိနေ

ညောင်ချောင်း စစ်ဘေးရှောင်စခန်းတွင် သွေးလွန်တုပ်ကွေးဖြစ်နေသူ ၂၀ ကျော်ရှိပြီး ဆေးကုသရန် အခက်အခဲရှိနေ

ABN-မေအိအိအောင်

ဇူလိုင် ၂၀ ရက်

ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်ရှိ ညောင်ချောင်း စစ်ဘေးရှောင်စခန်းတွင် ယခု ရက်ပိုင်းအတွင်း သွေးလွန်တုပ်ကွေးဖြစ်နေသူ ၂၀ ကျော်ရှိနေပြီး ၎င်းတို့အား ဆေးကုသရန် ငွေကြေးအဆင်မပြေမှုများဖြင့် ရင်ဆိုင်နေရကြောင်း စခန်းတာဝန်ခံပြောကြားချက်အရသိရသည်။

စခန်းတွင် ၂၂ ဦးသွေးလွန်တုပ်ကွေးဖြစ်နေပြီး ၂ ဦးမှာ ကျောက်တော်မြို့ရှိ ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေရကာ ကျန် ၂၀ ဦးမှာ စခန်းတွင်းနှင့် အနီးအနားရွာများတွင် ကြုံသလို ဆေးကုသနေရကြောင်း စခန်းတာဝန်ခံကပြောသည်။

“လွန်ခဲ့တဲ့ သုံးလေး ရက်လောက်ကတော့ တစ်အိမ် တစ်ယောက်ကျဆိုသလို နေမကောင်းဖြစ်ကြပါတယ်။ ၁၀၀ ကျော်လောက်တောင်ရှိမယ်။ ခုလောလောဆယ်တော့ ၂၀ ကျော်ပါတယ်။ ၂၂ ယောက်ပါ။ အမျိုးသမီးတစ်ဦးနဲ့ အမျိုးသားတစ်ဦးကတော့ ကျောက်တော်မြို့ထက်က ဆေးရုံးကြီးမှာ ဆေးကုသနေပါတယ်။ ကျန်တဲ့ ၂၀ ကတော့ စခန်းထဲမှာပဲ ကုပါတယ်။ ဘေးနားက သရက်တစ်ပင် ရွာမှာလည်း ဆေးခန်းပြကြပါတယ်” ဟုသူကပြောသည်။

ယင်းအပြင် စခန်းတွင်း၌ စားဝတ်နေရေးအဆင်မပြေကြောင်းနှင့် နိုင်ငံခြားတွင် သားသမီးများရှိသူများသာ ဆေးကုသရန် အဆင်ပြေကြပြီး ငွေကြေးမတတ်နိုင်သော မိသာစုများမှာ ကြုံရာဆေးဖြင့် ကုသကြရသည့်အတွက် အသက်ပါဆုံးရှံးသူများလည်းရှိကြောင်း သူကပြောသည်။

“စားဝတ်နေရေးလည်း အဆင်မပြေပါဘူးကွယ်၊ ဒုက္ခသည်ဆို တကယ့်ဒုက္ခသည်ပါပဲ။ အိမ်ပြန်ခွင့်လည်းမပေးဘူး။ စခန်းထဲက နိုင်ငံခြားရောက်နေတဲ့မိသားစုတွေဆို နည်းနည်းတော့ အဆင်ပြေတယ်။ ဆေးကုသနိုင်တယ်။ ဘာမှမရှိတဲ့ မ်ိသားစုတွေဆို ကြုံသလိုဆေးကုနေကြရတယ်။ ဆေးမကုနိုင်လို့ အသက်ပါ ဆုံးရှံးသွားတဲ့သူတွေလည်းရှိပါတယ်” ဟုပြောသည်။

ညောင်ချောင်းစခန်းတွင် အိမ်ထောင်စု ၆၀၀ ကျော်နှင့် လူဦးရေ ၅၀၀၀ ကျော်ခန့်ရှိကြောင်း သိရသည်။

အဆိုပါ စခန်းတွင် နေမကောင်းဖြစ်နေသူများမှာ ကလေးငယ်များနှင့် သက်ကြီးပိုင်းများ ဖြစ်ကြောင်းသိရသည်။

ရခိုင်ပြည်တွင် ယခုနှစ် မေလ ၁၄ ရက်နေ့က တိုက်ခတ်ခဲ့သော မိုခါ မုန်တိုင်းအပြီးတွင် သစ်ပင်များပြိုလဲပျက်စီးခြင်း၊ ရေတွင်း၊ရေကန်များတွင် အမှိုက်များဝင်ရောက်ပြီး တုပ်ကွေးဖြစ်စေသော ခြင်များ၊ ပိုးမွှားများပေါက်ဖွားမှုများကြောင့် ထိုကဲ့သို့ သွေးလွန်တုပ်ကွေးရောဂါများ အဖြစ်များလာသည်ဟု ဆေးပညာရှင်များက ပြောဆိုထားသည်။

သွေးလွန်တုပ်ကွေးရောဂါသည် အသက်ကြီးပိုင်းအရွယ်များ၊ ကလေးများနှင့် ကိုယ်ဝန်ဆောင်အမျိုးသမီးများတွင် ပိုမိုအဖြစ်များကြောင်းသိရသည်။

ယခုနှစ် ဇူလိုင်လအတွင်း ရခိုင်တွင် သွေးလွန်တုပ်ကွေးဖြစ်ပြီး အသက် ၁၅ နှစ်အောင် ကလေးငယ် ၃ ဦး သေဆုံးခဲ့ရပြီးဖြစ်သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ