ABN – ရှိုင်းမိုး
ကျောက်ဖြူမြို့တွင် မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇ (၁)ဖြင့် တရားစွဲခံထားရသူများအား ၁၂ကြိမ်မြောက် ရုံးချိန်းတွင်လည်း စစ်ကောင်စီတပ် တရားလိုမရောက်၍ စစ်ဆေးနိုင်ခြင်းမရှိဘဲ ရုံးချိန်းထပ်မံရွှေ့ဆိုင်းလိုက်သည်ဟု အမှုရင်ဆိုင်နေရသည့် မိသားစုဝင်တစ်ဦးက ပြောသည်။
ယမန်နေ့ ၁၀နာရီကျော်အချိန်တွင် ကျောက်ဖြူမြို့၊ စေတီတောင်ရပ်ကွက်မှ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဝင်းမောင်အပါအဝင် တရားစွဲခံရသူ ၁၄ ဦးကို ရုံးထုတ်ခဲ့သော်လည်း တရားလိုမရောက်သည့်အတွက် ရုံးချိန်း ထပ်မံချိန်းဆိုလိုက်ကြောင်း ဦးဝင်းမောင်၏ သမီးကပြောသည်။
“ ဒီ တစ်ကြိမ်ဆိုရင် ၁၂ကြိမ်မြောက်ရှိပါပြီ၊ ရုံးချိန်းတာ ဒါပေမယ့် တစ်ကြိမ်မျှ တရားလိုမရောက်ပါဘူး၊ ဘာမှလည်းထူးခြားမှုမရှိပါဘူး” ဟု ၎င်းကဆိုသည်။
လက်ရှိတွင် ဦးဝင်းမောင်မှာ ကျန်းမာရေးဆိုးဆိုးဝါးဝါးဖြစ်နေပြီး ဂရုမစိုက်မိရင် အသက်တောင်ဆုံးရှုံးနိုင်ကြောင်း သမီးဖြစ်သူကပြောသည်။
“ အဖေက အသက်ရှုကြပ်တဲ့ရောဂါရှိပါတယ်၊ နှလုံးလည်းမကောင်းပါဘူး၊ သူ့ကို ရန်ကုန်နှင့် ပုသိမ်မှာလည်းပြထားရပါတယ်၊ အိမ်မှာ နေတဲ့ခါဆိုရင် ဆေးရုံကိုမကြာခဏ တက်နေရပါတယ်၊ အသက်ဆုံးရှုံးမှုရှိလောက်တဲ့အခြေနေထိဖြစ်ဖူးပါတယ်၊ အခုနေမကောင်းလို့ ဆေးသွားပေးနေရပါတယ်၊ ဖြစ်နိုင်ရင်အပြင်မှာ ကုချင်ပါတယ်၊ အဖေရောဂါက သေချာ ဂရုမစိုက်ရင် အဆင်မပြေပါဘူး” ဟု ဆက်ပြောသည်။
ဦးဝင်းမောင်သည် ၂၀၂၂ နိုဝင်ဘာလ ၂၂ ရက်နေ့ ည ၈နာရီအချိန်တွင် အရပ်ဝတ်ဆင်ပြီး လက်နက်ကိုင်ဆောင်ထားတဲ့ လူ ၆ဦးက ဦးဝင်းမောင်နေအိမ်ကို ဝင်ပြီး မျက်နှာကိုအဝတ်ဖြင့်စည်းကာ ဖမ်းခေါ်သွားခဲ့ကြောင်းသိရသည်။
ကျောက်ဖြူမြို့မှ အရပ်သားများကို ULA/AAနှင့် ဆက်စပ်သည်ဟုဆိုကာ မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇(၁)ဖြင့် စစ်ကောင်စီတပ်မှ ဖမ်းဆီးကာ တရားလိုလုပ် တရားစွဲဆိုထားသည့် အမှုသည် ၆၀ ကျော်ထိရှိနေပြီး၊ ၎င်းတို့အား ကျောက်ဖြူမြို့နယ်တရားရုံးတွင် ရုံးချိန်းများကို ပုံမှန်ထုတ်နေသော်လည်း တရားလိုလုပ် စွဲဆိုထားသည့် စစ်ကောင်စီဖက်မှ ဗိုလ်ကြီး ရှိုင်းထက်အောင်နှင့် ဗိုလ်အဆင့်ရှိသူ တစ်ဦးတို့မှာ တစ်ကြိမ်တစ်ခါမှ ရုံးချိန်းတက်ရောက်ခြင်းမရှိခဲ့ကြောင်း သိရသည်။