Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကျောက်ဖြူတွင် ဖမ်းဆီးခံထားရသည့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် အရပ်သားများအား မိသားစုများ ရုံးထုတ်ချိန်မှသာ တွေ့ခွင့်ရ

ABN – သူရမောင်

ကျောက်ဖြူတွင် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် အောက်တိုဘာလမှစကာ ဖမ်းဆီးခံခဲ့ရသည့် ကျောက်ဖြူရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် အရပ်သားများအား ရုံးထုတ်ချိန်မှအပ မိသားစုများအနေဖြင့် တွေ့ခွင့်မရကြောင်း သိရသည်။

ဖမ်းဆီးခံထားရစဉ်အတွင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် အရပ်သားများအား ရုံးထုတ်ခဲ့သည်မှာ ၆ ကြိမ်တိုင်တိုင်ရှိခဲ့ပြီဖြစ်သော်လည်း စစ်ကောင်စီဘက်မှတရားလိုမှာ တရားခွင်သို့ တစ်ကြိမ်မှ တက်ရောက်ခဲ့ခြင်းမရှိခဲ့ပေ။

ထို့အပြင် ဖမ်းဆီခံထားရသူများထဲမှ အချို့မှာ ကျန်းမာရေးချို့တဲ့မှုများရှိနေသဖြင့် ဆေးကုသမှုကိုလည်း မိသားစုဝင်များအနေဖြင့် ရုံးချိန်းချိန်မှသာ ဆေးပေးခွင့်ရှိကြောင်း မိသားစုဝင်တစ်ဦး၏ ပြောကြားချက်အရ သိရသည်။

ကျောက်ဖြူမြို့၊ စေတီတောင်ရပ်ကွက်မှ ဖမ်းဆီးခံခဲ့ရသည့် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဝင်းမောင်အပါအဝင် အနည်းဆုံး ၅ ယောက်နှင့် အများဆုံး ၁၀ ဦးခန့်ရုံးထုတ်စစ်ဆေးလျက်ရှိပြီး တရားစွဲခံထားရသူများမှာလည်း ကျန်းမာရေးချို့တဲ့မှုများရှိနေကြောင်း ဦးဝင်းမောင်၏ သမီးပြောကြားချက်အရသိရသည်။

“ဖေဖေက ကျန်းမာရေးလုံးဝကို မကောင်းပါဘူး၊ အခုက အချုပ်ထဲမှာ ရှိနေတဲ့အတွက် လိုအပ်တဲ့ဆေးဝါးတွေကို ဒီကနေပြီး အားလုံးထောက်ပံ့နေရပါတယ်၊ ကျန်းမာရေးအခြေအနေက လုံးဝမကောင်းတာပါ၊ ပြီးခဲ့တဲ့တစ်ခေါက်က ရုံးထုတ်တဲ့အခါတောင်မှ အရမ်းဖျားပြီး အသက်ရှုမဝဖြစ်ခဲ့ပါသေးတယ်” ဟု ၎င်းကပြောသည်။

ဖမ်းဆီးခံခဲ့ရသူများအား မိသားစုနှင့် ရုံးချိန်းချိန်မှအပ ကျန်အချိန်တွင် တွေ့ခွင့်မရသည့်အတွက် အလွန်ပင်စိုးရိမ်နေရကြောင်း ဖမ်းဆီးခံထားရသူများ၏ မိသာစုဝင်တစ်ဦးက ပြောသည်။

“သူတို့ကိုက ရုံးချိန်းမှပဲ တွေ့ရတာပါ၊ အချုပ်ခန်းထိသွားပြီးတော့ တွေ့လို့မရပါဘူး၊ အဲအထဲမှာ သူတို့အခြေအနေဘယ်လိုရှိနေမလဲ မသိရပါဘူး၊ အရမ်းကို စိတ်ပူပါတယ်” ဟု ဆိုသည်။

စစ်ကောင်စီမှ ဖမ်းဆီးထားခဲ့သူများအား မတရားအသင်း ဆက်သွယ်မှုပုဒ်မ ၁၇ (၁)ဖြင့် တရားစွဲခံထားခဲ့ရကြောင်းကို မိသားစုဝင်များအနေဖြင့် ရုံးထုတ်ချိန်မှသာ သိရကြောင်း ဦးဝင်းမောင်၏ သမီးမှ ပြောသည်။

“ဖမ်းသွားတုန်းကတော့ သူတို့က ဘာမှပြောမသွားပါဘူး၊ အသိလာပေးတာလည်း မရှိခဲ့ပါဘူး၊ ပထမဆုံးအကြိမ်ရုံးထုတ်တဲ့အခါကျမှ မတရားအသင်း ဆက်သွယ်မှုပုဒ်မနှင့် တရားစွဲတာလို့ သိရတာပါ၊ တကယ်ဆိုရင် ဖေဖေက ဘယ်အဖွဲ့အစည်းနှင့်မှ အဆက်အသွယ်မလုပ်ပါဘူး၊ ရပ်ကွက်ထဲမှာ ပရဟိတလုပ်တာက လွဲရင်ပေါ့” ဟု ၎င်းကဆိုသည်။

ပြီးခဲ့သည့် ၂၀၂၂ခုနှစ် အောက်တိုဘာလမှစကာ ယခု ၂၀၂၃ ခုနှစ် ဇန်နဝါရီလအထိ ကျောက်ဖြူတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူး ၆ ဦး၊ ရဲဝန်ထမ်း ၃ဦး၊ မြေစာရင်းဝန်ထမ်း ၄ဦး၊ လဝက အရာရှိ ၁ဦး၊ ရှေ့နေ ၁ဦး၊ ကျန်းမာရေးလုပ်သား ၄ ဦးနှင့် အရပ်သားများအပါအဝင် စုစုပေါင်း အရေအတွက် ၈၃ ဦးထိဖမ်းဆီးခံထားပြီဖြစ်ကာ ဖမ်းဆီးခံထားခဲ့ရသူအများစုမှာ မတရားအသင်း ဆက်သွယ်မှုပုဒ်မ ၁၇ (၁)ဖြင့် တရားစွဲဆိုခံထားရပြီး အမှုဖွင့်သည့်အချိန်မှစကာ ရုံးချိန်းချိန် တစ်ချိန်မှ တရားလို စစ်ကောင်စီဘက်မှ တက်ရောက်ခဲ့ခြင်းမရှိခဲ့သေးပေ။

ထို့အတူ ကျောက်တော်တွင်လည်း စစ်ကောင်စီကဖမ်းဆီး တရားစွဲဆိုထားသည့် လူထုဇော်ဝင်အပါအဝင် အရပ်သားပြည်သူများ၏ အမှုများကို ရုံးပုံမှန် ထုတ်နေသော်လည်း စစ်ကောင်စီတပ် တရားလိုမရောက်၍ အမှုကြန့်ကြာမှု ဖြစ်လျက်ရှိနေသည်။

ကျောက်ဖြူတွင် ဖမ်းဆီးခံထားရသည့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် အရပ်သားများအား မိသားစုများ ရုံးထုတ်ချိန်မှသာ တွေ့ခွင့်ရ

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ
မိုခါ မုန်တိုင်းကြောင့် ကျောက်ဖြူမြို့ ရှိ ပညာရေးကောလိပ်မှာ ထိခိုက်ပျက်စီးမှုများရှိနေပြီး ဆရာ၊ဆရာမ ဝန်ထမ်းငါးဆယ်ကျော်ကို သက်ဆိုင်ရာမှ ရွှေ့ပြောင်းရန်စီစဉ်နေကြောင်း သိရှိရသည်။