
AB News – သြဂုတ် ၂၁၊ ၂၀၂၅
မျိုးဟိန်း
UWSA (ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော်) သည် ၎င်းတို့၏ မဟာမိတ်များဖြစ်သည့် ကိုးကန့်တပ် (MNDAA)၊ တအာင်းတပ် (TNLA) နှင့် ရှမ်းတပ် (SSPP) တို့ကို လက်နက်၊ ကိရိယာနှင့် ငွေကြေးအကူအညီများ ပံ့ပိုးပေးတော့မည်မဟုတ်ကြောင်း ယမန်နေ့က တရားဝင်ကြေညာလိုက်သည်။
အဆိုပါ ဆုံးဖြတ်ချက်ကို ပန်ဆန်းမြို့တွင် ပြုလုပ်သည့် အစည်းအဝေးတစ်ခု၌ ကြေညာခဲ့ခြင်းဖြစ်ပြီး၊ ထိုအစည်းအဝေးသို့ UWSA ခေါင်းဆောင်များအပြင် မဟာမိတ်သုံးဖွဲ့မှ အကြီးတန်းကိုယ်စားလှယ်များလည်း တက်ရောက်ခဲ့ကြောင်း သိရသည်။
အစည်းအဝေးတွင် UWSA ၏ ဗဟိုနိုင်ငံရေးဗျူရို အမြဲတမ်းကော်မတီဝင်၊ အစိုးရဒုတိယဥက္ကဋ္ဌနှင့် ပြည်ပဆက်ဆံရေးဝန်ကြီးဖြစ်သူ Zhao Guoan က လက်ရှိအချိန်တွင် “ဝ”ပြည်နယ်သည် အလွန်ဆိုးရွားသည့် အခြေအနေများနှင့် ရင်ဆိုင်နေရကြောင်း ပြောကြားခဲ့သည်။
“ဝ”တပ်၏ ကြေညာချက်တွင် “မည်သည့်လက်နက်နှင့် ကိရိယာကိုမျှ ပံ့ပိုးပေးတော့မည်မဟုတ်၊ စစ်ရေးအရ လွယ်ကူချောမွေ့စေရေးအတွက် မည်သည့်အဖွဲ့အစည်းကို မည်သည့်အကြောင်းပြချက်နှင့်မှ မည်သည့်နေရာ၊ အချိန်၌ဖြစ်စေ ငွေကြေးအကူအညီပေးမည်မဟုတ်တော့” ဟု ထည့်သွင်းပြောဆိုခဲ့သည်။
UWSA ၏ တရားဝင်စစ်ရေးဆိုင်ရာဆုံးဖြတ်ချက်ကို မဟာမိတ်သုံးဖွဲ့မှ ကိုယ်စားလှယ်များက နားလည်သဘောပေါက်ကြောင်း အစည်းအဝေးတွင် ဖော်ပြခဲ့ကြောင်းလည်း သိရသည်။