
ABN-မေအိအိအောင်၊ နွယ်စိုး
အီရန်နိုင်ငံတွင် ပြီးခဲ့သည့် မတ်လ ၁ ရက်နေ့က အမျိုးသမီးများပညာသင်ကျောင်းများ အဆိပ်ဓာတ်ငွေ့ဖြင့်တိုက်ခိုက်ခံရပြီး ကျောင်းသူ ၁၀၀ ကျော် ဆေးရုံတင်ထားရကြောင်း ဒေသတွင်းသတင်းများအရသိရသည်။
ထိုကဲ့သို့ အဆိပ်ဓာတ်ငွေ့များဖြင့်တိုက်ခိုက်ရန် အနည်းဆုံး မိန်းကလေးကျောင်း ၁၀ ကျောင်းကို ပစ်မှတ်ထားပြီး ယင်းအထဲမှ အီရန်နိုင်ငံ အနောက်မြောက်ပိုင်း Ardabil မြို့မှ ၇ ကျောင်း နှင့် တီဟီရန်မြို့မှ ၃ ကျောင်းကို ပစ်မှတ်ထားကြောင်းမီဒီယာများကဖော်ပြခဲ့သည်။
၎င်းအထဲမှ တီဟီရန်မြို့တော်၏ အနောက်ပိုင်း Theransar ရပ်ကွက်မှ မိန်းကလေး အထက်တန်းကျောင်း တွင် အဆိပ်သင့်ခံခဲ့ရပြီး ကျောင်းသူ ၁၀၈ ဦးကိုဆေးရုံတင်ထားရကာ လက်ရှိတွင် ကျောင်းသူများအခြေအနေ သက်သာပြီဖြစ်ကြောင်း Tasnim သတင်းဌာနကပြောသည်။
အဆိပ်ငွေ့ဖြန်းတိုက်ခိုက်မှုနှင့်ပတ်သတ်၍ သံသယရှိသူ ၃ ဦးကိုလုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးထားကြောင်း Fars သတင်းဌာနကပြောသည်။
ပြီးခဲ့သည့် ၂၀၂၂ ၊ နိုဝင်ဘာ တွင် ပဟေဠိဆန်ဆန် ထူးဆန်းသည့် အဆိပ်သင့်မှုဖြစ်ပွားပြီးမှစ၍ ၂၀၂၃ မတ် ၁ရက် နေ့မတိုင်မီအထိ ကျောင်းသူ ၁၂၀၀ နီးပါး အသက်ရှုရခက်သည့် ဝေဒနာခံစားရသောကြောင့် ဆေးရုံတင်ခဲ့ရကြောင်း လွှတ်တော်အမတ်တစ်ဦးက ပြောသည်
၂၀၂၂ ခုနှစ် နိုဝင်ဘာလတွင် ဖြစ်ပွားခဲ့သည့်နေရာမှာ တီဟီရန် တောင်ပိုင်း Qom ဘာသာရေးမြို့တွင် ၈၀၀ နီးပါးနှင့် အနောက်ပိုင်း Borujerd မြို့တို့တွင် ၄၀၀ နီးပါး ပါဝင်ကြောင်း အီရန်ပါလီမန် ကျန်းမာရေးကော်မတီမှ ပြောရေးဆိုခွင့်ရှိသူ ZahravSheikhi ကပြောသည်။
Qomတွင် ဖြစ်စဉ်နှင့်ပတ်သက်၍ အီရန်လက်ထောက်ဝန်ကြီး Younes Panahi က အမျိုးသမီးများ ပညာသင်ကြားရေးကို ပိတ်ပင်ရန် ရည်ရွယ်ချက်ဖြင့် အဆိပ်သင့်ခဲ့ကြောင်း ပြောကြားခဲ့သည်။



