
AB News – ဇန်နဝါရီ ၃၁ ၊ ၂၀၂၆
မလေးရှားနိုင်ငံ၊ ဂျိုဟိုးဘာရူးမြို့နယ်တွင် ရက္ခိုင်ပြည်၊ ရသေ့တောင်မြို့နယ်မှ အမျိုးသားတစ်ဦး၏ လည်ပင်းကို ဓားထိုးခံရပြီး သေဆုံးခဲ့ကြောင်း နီးစပ်သူများထံမှ သိရှိရသည်။
ဇန်နဝါရီလ ၃၀ ရက် ညနေပိုင်းတွင် အသတ်ခံခဲ့ရခြင်းဖြစ်ကာ သေဆုံးသူမှာ ရသေ့တောင်မြို့နယ် သိမ်တောင်ကျွေးရွာမှဖြစ်ပြီး အမည် ဦးထွန်းဝင်း ၃၂ နှစ် ဖြစ်ပြီး လူသတ်မှုကျူးလွန်ခဲ့သူမှာ ဘူးသီးတောင်မြို့နယ်မှဖြစ်ကြောင်း သိရှိရသည်။
ဖြစ်စဥ်မှာ အသတ်ခံရသူသည် ဆိုင်တွင် ခေါင်းဆောင်ဖြစ်ပြီး လူသတ်မှုကျူးလွန်သူမှာ လက်အောက်ဝန်ထမ်းဖြစ်ကြောင်း သေဆုံးသူနှင့် နီးစပ်သူများက ဆိုကြသည်။
ပြစ်မှုကျူးလွန်သူသည် အရက်မူးကာ အလုပ်ကို အမြဲနောက်ကျ၍ ရောက်တတ်သဖြင့် သူဌေးမှ အလုပ်ထုတ်ရန် အသတ်ခံရသူ ခေါင်းဆောင် ဦးထွန်းဝင် ကို တဆင့်ခိုင်းခဲ့ရာ ကျူးလွန်သူသည် အငြိုးထားခဲ့ပြီး၊ ဇန်နဝါရီ ၃၀ ရက်နေ့တွင် အရက်သောက်ရန်ခေါ်၍ ဘီယာဗူးကိုဖောက်နေစဥ်တွင် လည်ပင်းကို ဓားဖြင့် ထိုးသတ်ခဲ့ကြောင်း သိရသည်။