Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ်တလျှောက်ရှိ စစ်ရေးလှုပ်ရှားခြင်း၊ဖြတ်သန်းသွားလာခြင်းများ ကန့်သတ်ထားသည့် နယ်မြေ (No man’s Land zone) တွင် မြေအောက်ဥမင်လှိုင်ခေါင်းများတွေ့ရှိ

Arakan Bay News-ABN

ကန့်သတ်နယ်မြေ (Zero Line) တွင် နေထိုင်ကြသော မူဆလင် ဒုက္ခသည်များ အဆိုအရ မြန်မာ ခွဲထွက်ရေးအုပ်စုများက ထိုလှိုင်ခေါင်းများကို အသုံးပြုလျှက်ရှိသည်ဟု ဆိုကြသည်။

ဘင်္ဂလား-မြန်မာ နယ်စပ်တလျှောက်ရှိ No-man’s Land – စစ်ရေးကန့်သတ်နယ်မြေတွင် မြေအောက်လှိုင်ဂူလေးငါးခုကို တွေ့ရှိရပြီး ၄င်းလှိုင်ဂူများကို မြန်မာပြည်မှ ခွဲထွက်ရန်ကြိုးပမ်းနေကြသော လက်နက်ကိုင်အုပ်စုများက အသုံးပြုလျှက်ရှိသည် ဟု ဒေသခံများနှင့် ၄င်းဒေသတွင် နေထိုင်ကြသော မူဆလင်များပြောကြားကြသည်။

“အာဆာ (ရိုဟင်ဂျာကာကွယ်ရေးတပ်မတော်) က လူတွေကို ပြန်ပေးဆွဲပြီး ဖမ်းဆီးထားတဲ့အခါမျိုးမှာ အဲဒီဥမင်တွေကို အသုံးပြုခဲ့ပါတယ်” ဟု ဘင်္ဂလားဒေ့ရှ် နယ်စပ်၊ No man’s land တွင်နေထိုင်သည့် အမည်မဖော်လိုသည့် မူဆလင်တစ်ဦးက ပြောသည်။

ထပ်မံ၍ သူက “ အဲဒီလှိုင်ခေါင်းတွေကနေ မြန်မာပိုင်နက်ကို ဖြတ်ကျော်ဝင်ရောက်နိုင်ပြီး အာဆာ တပ်ဖွဲ့ဝင်တွေအသုံးပြုကြတယ်” ဟု ဆိုသည်။

နခွင်ချဟာရီ ခရိုင်အုပ်ချုပ်ရေး အကြီးအကဲ ရိုမန် ရှာမာ က “နယ်စပ်ဥပဒေအရဆိုရင် နှစ်နိုင်ငံအကြား ကန့်သတ်နယ်မြေမှာ အဲဒီ ဥမင်တွေ ရှိမရှိ စစ်ဆေးဖို့ နယ်ခြားစောင့်တပ်တွေ စေလွှတ်ဖို့ အဆင်မပြေပါဘူး” ဟု ဆိုသည်။

ထပ်မံ၍ လှိုင်ဂူများ အမှန်တကယ်ရှိ၊ မရှိကို အတည်လည်းမပြု၊ ငြင်းလည်း မငြင်းဆိုဘဲ ရိုမန် ရှာမာ က “အာဆာ တပ်တွေ ယာယီနေရာချခဲ့တဲ့ ကန့်သတ်နေမြေ (No man’s land)မှာ မြေအောက်လှိုင်ဂူတွေ ရှိတယ်ဆိုတာ ကို မီဒီယာတွေကို အသိပေးဖို့ လိုပါတယ်” ဟု ပြောကြားခဲ့သည်။

ဘင်္ဂလားဒေ့ရှ်ဒေသတွင်းရုပ်သံ သတင်းဌာနဖြစ်သော Channel 24 က အမည်မဖော်ပြထားသော အာဆာတပ်ဖွဲ့ဝင် နှစ်ဦးကို လှိုင်ဂူများနှင့် ပတ်သက်၍ တွေ့ဆုံမေးမြန်းခဲ့သည်။

“စုစုပေါင်း လှိုင်ဂူ ၇ ခုတောင်ရှိပါတယ်။ အဲဒီအထဲက တစ်ခုကတော့ အာဆာ ခေါင်းဆောင် Ataullah အသုံးပြုပြီး နောက်တစ်ခုကတော့ ဒုတိယအကြီးအကဲ Ustad Khaled အသုံးပြုပါတယ်။ တခြားလှိုင်ဂူတွေကိုတော့ လက်နက်တွေနဲ့ တခြားကိစ္စတွေအတွက် အသုံးပြုပါတယ်။ အဲဒီလှိုင်ဂူတွေဟာ မြန်မာပြည်ကို အလွယ်တကူနဲ့ ဝင်ရောက်နိုင်အောင် လုပ်ထားတာပါ” ဟု အာဆာ အဖွဲ့ဝင်များပြောကြားချက်ကို ကိုးကား၍ အစီရင်ခံစာတစ်စောင်တွင် ဖော်ပြထားသည်။

နယ်စပ်ရှိ ကန့်သတ်နယ်မြေ (Zero Line) တွင် နှစ်ဖက်လက်နက်ကိုင်တပ်များ ရက်ချီကြာ တိုက်ပွဲဖြစ်ပွားစဥ်အတွင်း မူဆလင် ဒုက္ခသည်များ နေထိုင်ကြသည့် ယာယီတဲအိမ်များမှာ မီးလောင်ကျွမ်းကာ ပြာကျသွားပြီး ဇန်နဝါရီ ၁၈ ရက်တွင်မှ ထို ဥမင်လှိုင်ခေါင်းများ အကြောင်းကို လူများသိရှိကြခြင်းဖြစ်သည်။

၂၀၁၇ ခုနှစ်အတွင်း မြန်မာစစ်တပ်က ရခိုင်ပြည်အတွင်း ရက်ရက်စက်စက် နှိမ်နှင်းမှုကြောင့် မူဆလင်ပေါင်း ၅၀၀၀ ခန့် ကန့်သတ်နယ်မြေအတွင်း ၆ နှစ်ကျော်ကြာ ယာယီတဲများလုပ်ကာ နေထိုင်နေကြရသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် လက်ရှိတွင် မူဆလင်ဒုက္ခသည် ၁.၂ သန်းကျော်ကို လက်ခံထားပေးလျှက်ရှိသည်။ မူဆလင်ဒုက္ခသည်များ မြန်မာပြည်ကို ငြိမ်းချမ်းစွာပြန်ပို့ရန်အတွက် ဘင်္ဂလားဒေရှ့် အစိုးရနှင့် နိုင်ငံတကာအသိုင်းအဝိုင်းများ လေး၊ငါးကြိမ်ထက်မနည်း ကြိုးစားခဲ့ကြသော်လည်း လုံခြုံမှု၊ ဂုဏ်သိက္ခာနှင့် အခွင့်အရေးများ ပျောက်ဆုံးနေခြင်းကြောင့် ထိုနေရပ်ပြန်ရေး ကိစ္စမှာ အထမမြောက်၊ မအောင်မြင်ခဲ့ပေ။

Md. Kamruzzaman ၏ Anadolu Agency သတင်းဌာနတွင် ပါရှိသော Underground tunnels reportedly found in no-man’s land across Bangladesh-Myanmar border သတင်းကို ကျော်ဇံ ဘာသာပြန်သည်။

ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ်တလျှောက်ရှိ စစ်ရေးလှုပ်ရှားခြင်း၊ဖြတ်သန်းသွားလာခြင်းများ ကန့်သတ်ထားသည့် နယ်မြေ (No man’s Land zone) တွင် မြေအောက်ဥမင်လှိုင်ခေါင်းများတွေ့ရှိ

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ပါတီခေါင်းဆောင်တစ်ဦး သေဆုံးပြီးနောက် နိုင်ငံအတွင်း ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့ဝင်တို့ကြား ရုန်းရင်းဆန်ခတ်ဖြစ်ပွားကာ ရဲအရာရှိ ၁၅ ဦးဒဏ်ရာရရှိခဲ့ပြီး ပြည်သူ တစ်ဦး သေဆုံး