
AB News – မတ် ၇၊ ၂၀၂၆
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့စ်ဘဇားခရိုင်အတွင်းရှိ ဒုက္ခသည်စခန်းတစ်ခုမှ မူဆလင်လူငယ်တစ်ဦးအား အကြမ်းဖက် မူဆလင်လက်နက်ကိုင် ARSA အဖွဲ့က ပြန်ပေးဆွဲ ဖမ်းဆီးသွားခဲ့သည်ဟု ဘင်္ဂလားဒေ့ရှ်မီဒီယာများတွင် ရေးသားဖော်ပြသည်ကို တွေ့ရှိရသည်။
ကော့စ်ဘဇားခရိုင်၊ တက္ကနက်ဖ်မြို့နယ်တွင် ယမန်နေ့ နေ့လယ် ၂ နာရီကျော်ခန့်က ဒုက္ခသည်စခန်းတစ်ခုအတွင်း မူဆလင်လူငယ်တစ်ဦးမှာ ARSAအကြမ်းဖက်အဖွဲ့ဝင်အချို့၏ ပြန်ပေးဆွဲဖမ်းဆီးခြင်းကို ခံခဲ့ရကြောင်း ဆိုထားသည်။
ပြန်ပေးဆွဲ ဖမ်းဆီးခံရသည့် မူဆလင်လူငယ်မှာ တက္ကနက်ဖ်မြို့နယ်ရှိ ဒုက္ခသည်စခန်းအမှတ်-၂၆၊ Block:H3 မှ အသက် ၂၂ နှစ်အရွယ် မိုဟာမက် ယာဆာ (Mohammad Yasor) ဖြစ်သည်။
မိုဟာမက် ယာဆာသည် ဒုက္ခသည်စခန်းရှိ ၎င်း၏ ကိုယ်ပိုင်ဆိုင်၌ ရှိနေချိန်တွင် ARSAအကြမ်းဖက်အဖွဲ့ဝင် ၆ ဦးက ဆိုင်ထဲသို့ အတင်းအဓမ္မဝင်ရောက်၍ ဖမ်းဆီးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းအပြင် အကြမ်းဖက်(ARSA)အဖွဲ့ဝင်များသည် မူဆလင်လူငယ်အား ဖမ်းဆီးနေစဥ်အတွင်း စခန်း၏ ပတ်ဝန်ကျင်းအနီးအနားတဝိုက်ကို ခြိမ်းခြောက်ခြင်းများ ပြုလုပ်ခဲ့သည့်အပြင် လေထဲသို့ သေနတ် ၃ ချက်ပစ်ခတ်ခဲ့ကာ ယာဆာကို အင်အားသုံး ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။
ယင်းနောက် ဒုက္ခသည်စခန်းအတွင်းရှိ မူဆလင်များမှာ ကြောက်ရွံ စိုးရိမ်မှုများ ခံစားနေကြရပြီး အကြမ်းဖက်(ARSA)အဖွဲ့က ရန်ပြုလာမည်ကိုလည်း နေစဥ်ကြောက်ရွံ့နေရကြောင်း သိရသည်။
အကြမ်းဖက် ARSAအဖွဲ့သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ မူဆလင် ဒုက္ခသည်စခန်းများတွင်း ဒေသခံများအား သတ်ဖြတ်ခြင်း၊ စစ်သားစုဆောင်းခြင်းနှင့် မူးယစ်ဆေးဝါး ရောင်းချရေးလုပ်ငန်းများကို လုပ်ဆောင်မှုများ ရှိနေကြောင်း သိရသည်။