
AB News- ဇန်နဝါရီ ၂၁၊ ၂၀၂၆
ဒေဝီ
နဘီဟူစိန် ARAအဖွဲ့၏ စစ်အသုံးအဆောင်ပစ္စည်းများကို လက်ခံသိမ်းဆည်းပေးထားသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား UP အဖွဲ့ဝင်ဟောင်းတစ်ဦးကို ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ် (BGB) က ဖမ်းဆီးလိုက်ကြောင်း သိရသည်။
ပြီးခဲ့သည့် ဇန်နဝါရီ ၁၆ ရက် ည ၁၁ နာရီခန့်တွင် တက္ကနပ်ဖ်မြို့နယ်၊ ဟွိုင်ကယောင် (Whykong) ယူနီယံ၊ လုခါလီဒေသရှိ နေအိမ်တစ်လုံးကို BGB က ဝင်ရောက်စီးနင်းခဲ့ရာ UP အဖွဲ့ဝင်ဟောင်း မူစတာ့ဖာ ကာမယ်လ် (Mustafa Kamal) ကို ဖမ်းဆီးရမိခဲ့သည်။
၎င်း၏ နေအိမ်အတွင်းမှ Nabi Hossain နဘီဟူစိန်အဖွဲ့ အသုံးပြုသည့် စစ်ဝတ်စုံများ၊ ဆက်သွယ်ရေးစက် (Walkie-Talkies) များနှင့် အခြားစစ်အသုံးအဆောင် ပစ္စည်းများစွာကို သိမ်းဆည်းရမိခဲ့ခြင်းဖြစ်သည်။
နယ်စပ်သတင်းရင်းမြစ်များ၏ အဆိုအရ နဘီဟူစိန်အဖွဲ့သည် ရက္ခိုင်-ဘင်္ဂလားဒေ့ရှ် နယ်စပ်တစ်လျှောက်တွင် မူးယစ်ဆေးဝါး (ယာဘ) မှောင်ခိုကူးခြင်း၊ ပြန်ပေးဆွဲခြင်းနှင့် လူကုန်ကူးခြင်း လုပ်ငန်းများကို နှစ်ရှည်လများ လုပ်ကိုင်နေသည့် လက်နက်ကိုင်ဂိုဏ်းတစ်ခု ဖြစ်ပြီး မကြာသေးမီက ရက္ခိုင်ပြည်ကို ထိန်းချုပ်ထားသော အာရက္ခတပ်တော် (AA) နှင့် အဆိုပါအဖွဲ့ကြား တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားခဲ့ပြီးနောက် နဘီဟူစိန်အဖွဲ့ဝင်များသည် ၎င်းတို့၏ စခန်းများကို စွန့်ခွာကာ ဘင်္ဂလားဒေ့ရှ်ဘက်သို့ နယ်စပ်ဖြတ်ကျော် ထွက်ပြေးသွားကြခြင်းဖြစ်သည်။
ယခုဖမ်းဆီးခံရသူ မူစတာဖာ ကာမယ်လ်သည် ယခင်ကတည်းက နယ်စပ်မှ တရားမဝင် လက်နက်ကိုင်အဖွဲ့များနှင့် ဆက်နွှယ်မှုရှိနေသူဟု သံသယရှိခြင်းခံထားရသူဖြစ်ပြီး ယခုအခါ AA ထံမှ ထွက်ပြေးလာသည့် နဘီဟူစိန်အဖွဲ့ဝင်များအတွက် စစ်လက်နက်ပစ္စည်းများ လုံခြုံစွာ ဝှက်ပေးသည့် အိမ်ရှင် အဖြစ် ဆောင်ရွက်ပေးနေခြင်း ဖြစ်သည်။
ယခုဖြစ်ရပ်သည် ရက္ခိုင်နယ်စပ်တစ်လျှောက်ရှိ မူဆလင်အကြမ်းဖက်လက်နက်ကိုင်အဖွဲ့များနှင့် ဘင်္ဂလားဒေ့ရှ်ဘက်မှ ဒေသခံနိုင်ငံရေးသမားအချို့ကြားတွင် ခိုင်မာသော ဆက်သွယ်ရေးကွန်ရက်များ ရှိနေကြောင်းကို သက်သေပြနေသည်။
လက်ရှိတွင် ဖမ်းဆီးရမိသူကို တက္ကနပ်ဖ်မြို့နယ် ရဲစခန်း၌ အမှုဖွင့်ထားပြီး ၎င်းနှင့် ဆက်စပ်နေသည့် တခြားသူများကိုလည်း ဆက်လက် စုံစမ်းဖော်ထုတ်နေကြောင်း BGB က အတည်ပြုထားသည်။
အခြားတစ်ဖက်တွင် နဘီဟူစိန်ကိုယ်တိုင်မှာ ဘင်္ဂလားဒေ့ရှ်အစိုးရက ဆုငွေထုတ်၍ ဖမ်းဝရမ်းထုတ်ထားသူ ဖြစ်သော်လည်း နယ်စပ်ဒေသတွင် အာဏာပိုင်အချို့နှင့် ပေါင်းကာ ခိုလှုံနေထိုင်နေဆဲ ဖြစ်သည်။