Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပြစ်မှုဗေဒဆိုင်ရာ PhD ကျောင်းသားတစ်ဦး အိုင်ဒါဟို ကျောင်းသူ၊ကျောင်းသားများ အသတ်ခံရမှုအတွက် ဖမ်းဆီးခံထားရ

လွန်ခဲ့သည့်လက အိုင်ဒါဟိုပြည်နယ်တွင် တက္ကသိုလ်ကျောင်းသား၊ကျောင်းသူ ၄ ဦး ထူးဆန်းစွာသေဆုံးခဲ့မှုအတွက် ပြစ်မှုဗေဒ ပါရဂူတန်း ကျောင်းသားတစ်ဦးကို ဖမ်းဆီးလိုက်သည်ဟု ရဲတပ်ဖွဲ့မှ ပြောကြားသည်။

အသက် ၂၈နှစ်အရွယ် ဘရိုင်ယန် ခရစ်စတိုဖာ ခေါ့ဘာဂါ သည် ပြစ်မှုဖြစ်ပွားရာနေရာမှ မိုင်ပေါင်း ၂၅၀၀ (၄၀၂၀လိုမီတာ) ဝေးကွာသော ပန်ဆယ်ဗေးနီးယား ပြည်နယ်တွင် ထိန်းသိမ်းခံရခြင်းဖြစ်သည်။

တက္ကသိုလ်ခြံဝင်းအနီးရှိ ငှါးရမ်းထားသည့် နေအိမ်၌ အိုင်ဒါဟိုတက္ကသိုလ်ကျောင်းသူ ၃ဦးနှင့် ကျောင်းသား ၁ ဦးကို သူတို့၏အိပ်ရာပေါ်တွင် ဓားထိုးခံရ၍ သေဆုံးနေသည်ကို လွန်ခဲ့သည့်နိုဝင်ဘာ ၁၃ရက်နေ့က တွေ့ရှိရခြင်းဖြစ်သည်။

တရားခံသည် ပြစ်မှုဖြစ်ပွားရာ နေရာအနီး မြို့တစ်မြို့တွင် နေထိုင်ခဲ့သည်ဟု ရဲတပ်ဖွဲ့က ပြောသည်။

ဇာနာ ကာနိုဒယ်၊ အီသန်ချာပန်၊ ကေလီ ဂင်ကာလဘ်စ် နှင့် မတ်ဒီစင် မိုဂန် တို့ကို အိုင်ဒါဟိုမြောက်ပိုင်း၊ မော်စကို ကောလိပ်မြို့ငယ်ရှိ ကျောင်းသူများနေထိုင်ရာအိမ်၌ ဓားဒဏ်ရာများစွာဖြင့် သေဆုံးနေသည်ကို တွေ့ရှိရခြင်းဖြစ်သည်။

ကျောင်းသူများထဲက တစ်ချို့မှာ အသက် ၂၀၊ ၂၁ သာရှိကြပြီး ကာကွယ်ခြင်းကြောင့်ရသွားသည့် ဒဏ်ရာများလည်း တွေ့ရှိရသည်ဟု ဆိုသည်။

အလောင်းကိုရင်ခွဲပြီးစစ်ဆေးသည့်အခါ တိုက်ခိုက်ခံရသည့်အချိန်တွင် ကျောင်းသား၊ကျောင်းသူ ၄ ယောက်မှာ အိပ်ပျော်နေခြင်းဖြစ်နိုင်သည် ကို တွေ့ရှိရသည် ဟုဆိုသည်။

သို့ရာတွင် လိင်ပိုင်းဆိုင်ရာကျူးလွန်မှု အထောက်အထားများ မတွေ့ရှိရကြောင်း ရဲတပ်ဖွဲ့မှ ပြောကြားသည်။

မစ္စတာ ခေါ့ဘာဂါ ကို ပြည်နယ်ရဲတပ်ဖွဲ့နှင့် FBI စုံထောက်များ ပူးပေါင်းကာ ပန်ဆယ်ဗေးနီးယားပြည်နယ်၊ ဆက်ကရန်တင် မြို့အနီးတွင် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး အယ်လ်ဘရိုက်ဗယ်လီ ရှိ သူ့မိဘများနေအိမ်တွင် ခြေရာခံရမိခဲ့သည်ဟု ဘီဘီစီ၏ မိတ်ဖက်သတင်းဌာန ဖြစ်သော CBS သတင်းဌာနကို အာဏာပိုင်များမှ ပြောကြားခဲ့သည်။

တရားခံသည် အပြင်းထန်ဆုံးဖြစ်သည့် လူသတ်ပြစ်မှုကိုကျူးလွန်ခြင်းနှင့် ကြီးလေးသည့် ဖောက်ထွင်းဝင်ရောက်မှုတို့အတွက် စွဲချက်ပေါင်း လေးခုကို ရင်ဆိုင်ရမည်ဟု လာထာ ကောင်တီ တရားလိုရှေ့နေ ဘီလ်သွန်မ်ဆင် မှ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

အိုင်ဒါဟို ပြည်နယ်သို့ လွှဲပြောင်းခံလိုက်ရသည် ဟု ယူဆရသည့် တရားခံသည် တရားရုံးတော်ရှေ့မှောက်ရောက်ပြီးခဲ့ပြီး အာမခံမရဘဲ ချုပ်မိန့်ပေးထားခြင်းခံရသည်။

၄င်းသတင်းစာရှင်းလင်းပွဲတွင် တရားခံသည် ဝါရှင်တန်ပြည်နယ် တက္ကသိုလ် (Washington State University) တွင် ရာဇဝတ်မှုဆိုင်ရာတရားမျှတရေးနှင့် ပြစ်မှုဗေဒကို လေ့လာသင်ကြားနေသည့် ပါရဂူတန်း ကျောင်းသားတစ်ဦးဖြစ်ကြောင်းကိုလည်း အာဏာပိုင်များမှ အတည်ပြုပြောကြားခဲ့သည်။

သံသယတရားခံနေထိုင်သည့် ဝါရှင်တန်ပြည်နယ် ပူးလ်မန်မြို့တွင်ရှိသည့် တက္ကသိုလ်ဝင်းမှ မော်စကိုမြို့စပ်ကို ကားဖြင့် ၁၀မိုင်ခရီးရှိသည်။

သည်အမှုမှာ ရှုပ်ထွေးပြီး အလွန်ကျယ်ပြန့်သည့် အမှုတစ်ခုဖြစ်ကြောင်း၊ လူသတ်သမားများသည် လူမှုအသိုင်းအဝိုင်းကို တုန်လှုပ်ထိတ်လန့်စေပြီး ဖမ်းဆီးမိလျှင်တောင်မှ သေသွားသည့် ကျောင်းသား၊ ကျောင်းသူများကို အသက်ပြန်ရှင်အောင် လုပ်နိုင်မည်မဟုတ်ကြောင်း ထိခိုက်ကြေကွဲနေသော မော်စကို ရဲတပ်ဖွဲ့ အကြီးအကဲ ဂျိမ်းစ်ဖရိုင်း မှ သတင်းထောက်များကို ပြောကြားခဲ့သည်။

တရားခွင်တွင် ပြစ်မှုကိုစီရင်ရန်အတွက် သေချာသည့် အချက်အလက်များကို လုံခြုံအောင်သိမ်းဆည်းရန်အရေးကြီးသဖြင့် ရဲတပ်ဖွဲ့များက မည်သည့်ဆောင်ရွက်မှုမျိုးကိုမှ လူသိရှင်ကြားဖွင့်ဟမပြောခဲ့ပေ။

ရဲတပ်ဖွဲ့များသည် တရားခံက ပြစ်မှုကျူးလွန်ခံရသူများကို လူကိုယ်တိုင် ရင်းနှီးသိကျွမ်းမှုရှိ မရှိ စုံစမ်းဖော်ထုတ်နေကြောင်း ပြောကြားခဲ့ပြီး ရဲတပ်ဖွဲ့အနေဖြင့် ပြည်သူများမှ အကြံပေးချက် ၁၉,၀၀၀ ကျော်ကိုလည်း သုံးသပ်အကဲဖြတ်ပြီးကြောင်းလည်း ရဲတပ်ဖွဲ့အကြီးအကဲမှ ပြောကြားခဲ့သည်။

လူသတ်မှုဖြစ်ပွားသည့် နေ့တွင် ပြစ်မှုကျူးလွန်ခံရသူများ၏ အိမ်အနီး၌ ရပ်ထားသည့် ဟွန်ဒိုင်းအီလန်ထရာ အမျိုးအစား ကားအဖြူရောင် တစ်စီးကို ပြည်သူများကူညီပူးပေါင်းရှာဖွေပေးကြရန် ပန်ကြားပြီးနောက် စုံစမ်းစစ်ဆေးသူများ၏ အလှည့်အပြောင်းတစ်စုံတရာ ယခုလ အစောပိုင်းတွင် ဖြစ်လာနိုင်ဖွယ်ရှိသည်ဟု သိရသည်။

ရဲတပ်ဖွဲ့က အီလန်တရာ ကားတစ်စီးကို သောကြာနေ့တွင် ရှာတွေ့သည်ဟု ပြောသော်လည်း လူသတ်သမား၏ လက်နက်ကို ရှာမတွေ့သေးပေ။

တရားခံမှ သူ့ကိုဖမ်းဆီးသည့် ရဲများကို တခြားတစ်ယောက်ယောက်ကိုများ ဖမ်းထားသေးလား ဟု မေးမြန်းသည် ဟုပါရှိသော အစီရင်ခံစာနှင့် ပတ်သတ်၍ ရဲတပ်ဖွဲ့အကြီးအကဲက မှတ်ချက်ပေးဖို့ ငြင်းဆိုခဲ့သည်။

ကျွန်တော်ပြောနိုင်တာကတော့ ဆိုးရွားတဲ့ ပြစ်မှုတွေကို ကျူးလွန်တဲ့ အပြစ်သားတစ်ယောက်ကို ကျွန်တော်တို့ ဖမ်းထားတာရှိတယ်၊ ဒါကြောင့် ကျွန်တော်တို့ လူမှုပတ်ဝန်းကျင် လုံခြုံတယ်ဆိုတာ ကျွန်တော်တကယ် ယုံကြည်ပါတယ်၊ ဒါပေမယ့် ကျွန်တော်တို့ သတိရှိဖို့ လိုပါတယ် ဟု ရဲအကြီးအကဲမှ ပြောကြားခဲ့သည်။

အမည်မဖော်လိုသော တရားဆုံးဖြတ်သူအရာရှိများက ဒီအန်အေ သက်သေအထောက်အထားဟာ မစ္စတာ ခေါ့ဘာကာ က ပြစ်မှုနန့် ဆက်စပ်မှုရှိတယ်ဆိုတာ ထင်ရှားနေတယ် ဟု အမေရိကန်သတင်းဌာနများကို ပြောခဲ့သည်။

မစ္စတာ ခေါ့ဘာကာမှာ ဝါရှင်တန်ပြည်နယ် တက္ကသိုလ်တွင် တက္ကသိုလ်ကျောင်းသားများအဆင့် ပြစ်မှုဗေဒဆိုင်ရာ အတန်း သုံးတန်းအတွက် လက်ထောက်နည်းပြအဖြစ် စာရင်းသွင်းထားသူဖြစ်သည်ဟု အိုင်ဒါဟို ခေါင်းဆောင်များ ပြောကြားအချက်အရသိရသည်။

လက်ရှိအချိန်အထိ အိုင်ဒါဟို၊ ဝါရှင်တန် နှင့် ပန်ဆယ်ဗေးနီးယား ပြည်နယ်တို့တွင် အဖမ်းခံရသည့် မှတ်တမ်းမရှိပေ၊ သို့ရာတွင် မော်စကိုအပါအဝင် အိုင်ဒါဟို စီရင်စုတွင် လွန်ခဲ့သည့် သြဂတ်လ က ကားပေါ်တွင်ခါးပတ်မပတ်ထားခြင်းကြောင့် ရဲတပ်ဖွဲ့များက ဆင့်ခေါ်ခြင်းကို ခံခဲ့ရသည် ဟု သတင်းများက ဖော်ပြကြသည်။

မစ္စတာ ခေါ့ဘာကာ ပြသမည့် အတန်းတွင် ပါရှိသည့် ဘန်ရောဘတ်စ် အမည်ရှိ ကျောင်းသားတစ်ဦးက တရားခံသည် ပျော်ပျော်ရွင်ရွင်နှင့် ယုံကြည်မှုရှိပုံပေါ်သော်လည်း ကိုးရိုးကားရားနိုင်လွန်းသည်ဟု အေပီသတင်းဌာနသို့ ပြောကြားသည်။

ဘန်ရောဘတ်စ်က မစ္စတာခေါ့ဘာကာ ဟာ သူအရမ်းတော်ချင်တယ် ဟုလည်း ဆိုသည်။

သူအမြဲတမ်းလုပ်လေ့ရှိတာ ၊ မပျက်မကွက်လုပ်လေ့ရှိတာ တစ်ခုကတော့ တစ်ခုခုကို ရှင်းပြဖို့အရှုပ်ထွေးဆုံးနည်းလမ်းကို ရှာတာပါပဲ၊ သူဟာ သူသိတာကို တခြားသူတွေလည်း သိကိုသိရမယ်ဆိုပြီးတော့ လုပ်တာ ဟု သူကပြောပြသည်။

ပြစ်မှုကျူးလွန်ခံရသည့် ကျောင်းသူမိသားစုများမှာ စုံစမ်းစစ်ဆေးခြင်းနှင့် ပတ်သတ်၍ မကျေနပ်ခြင်းများရှိကြောင်း ထုတ်ဖော်ပြောဆိုခဲ့ကြသည်။

အိုင်ဒင်ဟိုပြည်နယ် Coeur DAlene ရှိ ဘုရားကျောင်းတစ်ကျောင်းတွင် မစ္စ ဂွန်ကလပ်စ် နှင့် မစ္စမော်ဂန်တို့အတွက် အထိမ်းအမှတ်လုပ်သည့် တစ်နေ့တည်းတွင် ဖမ်းဆီးမှုကို လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

မစ္စမော်ဂန် မိသားစုထုတ်ပြန်ချက်တွင် ဒီနေ့မှာ ကျွန်မတို့ မတ်ဒီ နန့် သူ့သူငယ်ချင်းတို့ဟာ သူတို့ကောင်းမွန်စွာအိပ်စက်အနားယူလို့ ရပြီ ဆိုတဲ့အသိနဲ့ သူတို့အတွက် အထိမ်းအမှတ်ကျင်းပနေတာဖြစ်တယ် လို့ ဖော်ပြထားသည်။

အမေရိကန်မီဒီယာများသို့ ပြောကြားခဲ့သည့် အီသန်ချာပန် မိသားစုထုတ်ပြန်ချက်တွင် ကျွန်တော်တို့ မိသားစု ဟာ အမှုကိုပိတ်သိမ်းလို့ရသွားတဲ့အတွက် ဒီကိစ္စကြီးပြီးသွားလို့ စိတ်အေးရပါတယ်၊ ဒါပေမယ့် ဒါဟာ ရလာဒ်ကို ပြောင်းလဲနိုင်ခြင်းမရှိ၊ နာကြင်မှုများကို ပြေပျောက်မသွားစေပါဘူး။ ကျွန်တော်တို့ အီသန်ကို သတိရနေကြပါတယ်၊ ပြီးရင် ကျွန်တော်တို့ မိသားစုဟာလည်း လုံးဝပြောင်းလဲသွားတာပါ ဟု ပါရှိသည်။

BBC သတင်းပါ Max Matza ၏ Criminology graduate student held in Idaho student murders ကို ABN ကဘာသာပြန်ဆိုသည်။

ပြစ်မှုဗေဒဆိုင်ရာ PhD ကျောင်းသားတစ်ဦး  အိုင်ဒါဟို ကျောင်းသူ၊ကျောင်းသားများ အသတ်ခံရမှုအတွက် ဖမ်းဆီးခံထားရ

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ