AB News – ဧပြီ ၂၅ ၊ ၂၀၂၅
မြန်မာနိုင်ငံ၌ ငလျင်ဒဏ်ခံစားခဲ့ရသော ပြည်သူများအတွက် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) မှ အရေးပေါ်အခြေအနေတွင် ချက်ချင်းစားသုံးနိုင်ရန် ဖြန့်ဝေထားသည့် ဘီစကွတ်များကို ရောင်းချလျှင် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကုလသမဂ္ဂက ထုတ်ပြန်လိုက်သည်။
WFP ၏ အာဟာရဘီစကွတ်များသည် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီအဖြစ် အရေးပေါ်အခြေအနေများတွင် ချက်ချင်းစားသုံးရန်အတွက်သာ ရည်ရွယ်ထားပြီး ရောင်းချရန်မဟုတ်ကြောင်း ကုလသမဂ္ဂက အလေးအနက်ထား ပြောကြားခဲ့သည်။
နေပြည်တော်တွင် အဆိုပါ အာဟာရဖြည့် ဘီစကွတ်များကို ၅၀၀ ကျပ် သို့မဟုတ် ၁၀၀၀ ကျပ်ဖြင့် ရောင်းချနေကြောင်း သတင်းများ ထွက်ပေါ်လာပြီးနောက် ယခုကဲ့သို့ ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။
“နေပြည်တော်မှာ WFP အာဟာရဖြည့်ဘီစကွတ်တွေ ရောင်းချနေတယ်လို့ လူမှုကွန်ရက်မှာ ရေးသားနေတာတွေကို WFP က သိရှိထားပြီးဖြစ်ပါတယ်။ သို့သော်လည်း ယင်းရေးသားချက်များတွင် သက်သေအထောက်အထား တစ်စုံတစ်ရာ တွေ့ရှိခြင်းမရှိပါ။ နေပြည်တော်တွင် အာဟာရဖြည့် ဘီစကွတ်များကို ဧပြီလ ၁ ရက်နေ့တွင် နောက်ဆုံးဖြန့်ဝေခဲ့ခြင်းဖြစ်ကြောင်း” United Nations Myanmar မှ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ကုလသမဂ္ဂ၏ အဆိုအရ အဆိုပါ ဘီစကွတ်များကို ၆ လအောက် ကလေးငယ်များအား ကျွေးမွေးရန် မသင့်လျော်ဘဲ၊ ၆ လအထက် ကလေးများအနေဖြင့်လည်း မိခင်နို့ကို ဝလင်စွာ တိုက်ကျွေးပြီးမှသာ ဘီစကွတ်ကို ကျွေးသင့်ကြောင်း လမ်းညွှန်ထားသည်။
ထို့ပြင် ဘီစကွတ်များတွင် စွမ်းအင်၊ ပရိုတင်း၊ ဗီတာမင်နှင့် သတ္တုဓာတ်များ ကြွယ်ဝစွာပါဝင်သည့် အာဟာရပြည့်ဝသော စားစရာတစ်မျိုးဖြစ်ကြောင်း ကုလသမဂ္ဂ၏ ထုတ်ပြန်ချက်တွင် ထပ်လောင်းဖော်ပြထားသည်။