
AB News – မတ် ၂၃၊ ၂၀၂၅
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ကျင်းပမည့် ဘင်္ဂလားပင်လယ်အော်ဒေသတွင်း ဘက်စုံနည်းပညာနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအဖွဲ့(BIMSTEC) ထိပ်သီးအစည်းအဝေးသို့ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် တက်ရောက်မည် ဖြစ်ကြောင်း ထိုင်းသတင်းဌာနများက မတ် ၂၃ ရက်တွင် ဖော်ပြသည်။
ဧပြီ ၃ ရက်နှင့် ၄ ရက်တို့တွင် ကျင်းပမည့် (BIMSTEC) ထိပ်သီးအစည်းအဝေးသို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တက်ရောက်ခြင်းသည် ၂၀၂၁ ခုနှစ်တွင် အာဏာသိမ်းပြီးနောက် နိုင်ငံတကာခရီးစဉ်များအနက် ပထမဆုံး ခရီးစဉ်လည်းဖြစ်သည်။
ထိုင်းအစိုးရသည် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို အစည်းအဝေးသို့ ဖိတ်ကြားရန် အစောပိုင်းတွင် တွန့်ဆုတ်ခဲ့သဖြင့် ၂၀၂၃ ခုနှစ်တွင် ကျင်းပရန် စီစဉ်ထားသော အစည်းအဝေးကို ရွှေ့ဆိုင်းခဲ့ရသည်။
၁၉၉၇ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သော (BIMSTEC) အဖွဲ့တွင် မြန်မာ၊ အိန္ဒိယ၊ သီရိလင်္ကာ၊ နီပေါ၊ ဘူတန်၊ ဘင်္ဂလားဒေ့ရှ်နှင့် ထိုင်းနိုင်ငံတို့ ပါဝင်သည်။
မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီ၏ တရားဝင်မှုကို နိုင်ငံတကာအသိုင်းအဝိုင်းက အသိအမှတ်မပြုကြပေ။ သို့သော်လည်း ထိုင်းနိုင်ငံသည် စစ်ကောင်စီကို အစိုးရအဖွဲ့အစည်းတစ်ခုအဖြစ် အသိအမှတ်ပြုထားဆဲဖြစ်သည်။
စစ်ကောင်စီသည် ၂၀၂၃ ခုနှစ် ဇူလိုင်လတွင် နေပြည်တော်၌ စတုတ္ထအကြိမ် (BIMSTEC) အမျိုးသားလုံခြုံရေး အစည်းအဝေးကို လက်ခံကျင်းပခဲ့သည်။
(BIMSTEC) အစည်းအဝေးတွင် အဖွဲ့ဝင်နိုင်ငံများသည် သံတမန်ရေးနှင့် စီးပွားရေးဆက်ဆံရေးကို တိုးမြှင့်ရန်နှင့် ရေကြောင်းပူးပေါင်းဆောင်ရွက်ရေးနှင့် ဒေသတွင်း ဆက်သွယ်ရေးတို့ကို အဓိကထားဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။