AB News- ဇူလိုင် ၁၄၊ ၂၀၂၅
ဒေဝီ
အမ်းမြို့နယ်တွင် မှိုဟင်းရှာဖွေရန် သွားစဥ် ညီအစ်မ ၂ ဦး ရေနစ် သေဆုံးခဲ့ကြောင်း သိရသည်။
ရေနစ်သေဆုံးသူများမှာ အမ်းမြို့နယ်၊ တပ်တောင်မြို့၊ အဝပြင် (၂) ရွာမှ အသက် (၁၆) နှစ်အရွယ် မဆုမြတ်လှိုင် (ခ) ပိစိ နှင့် ညီမဖြစ်သူ အသက် (၁၂) နှစ်အရွယ် မဆုသက်လှိုင် (ခ) စုစုမ တို့ ဖြစ်ကြသည်။
ဖြစ်စဉ်မှာ ဇူလိုင် ၁၃ ရက်၊ နံနက် ၁၁ နာရီခန့်တွင် ၎င်းတို့ ညီအစ်မ ၂ ဦးသည် ရွာသား ၃ ဦးနှင့်အတူ အဝပြင် (၂) ရွာရှိ ကာရီပြင်ချောင်းမှ ထိန်တောရွာ ချောင်းဘက်သို့ မှိုဟင်းခူးရန် သွားရောက်ခဲ့ကြသည်။
မှိုဟင်းခူးစဥ် ခြေချော်လဲကာ ရေထဲပြုတ်ကျပြီး နှစ်ဦးစလုံး ရေနစ်သေဆုံးသွားခဲ့ကြောင်း ရွာသားတစ်ဦးက AB News သို့ ပြောသည်။
“သူတို့နှစ်ယောက် ချော်လဲပြီး ရေထဲကျသွားတာ။ ကယ်ဖို့လုပ်ပေမယ့် မမှီလိုက်ဘူး” ဟုဆိုသည်။
ရေနစ်သေဆုံးသွားသည့် ညီအစ်မ ၂ ဦး၏ ရုပ်အလောင်းကို ယနေ့ ဇူလိုင် ၁၄ ရက် ညနေပိုင်းတွင် သင်္ဂြိုဟ်မည်ဖြစ်ကြောင်း သိရသည်။
အလားတူ ဇူလိုင် ၈ ရက်နေ့ကလည်း မင်းပြားမြို့နယ်၊ အမှတ် (၃) တိုက်နယ်၊ ခေါင်းလောင်းချောင်းကျေးရွာမှ အမျိုးသားတစ်ဦးသည် ဇီးကိုင်းချောင်းတွင် ရေနစ်သေဆုံးခဲ့သည်။
လက်ရှိ မိုးရာသီကာလအတွင်း ရက္ခိုင်ပြည်ရှိ သံတွဲ၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ရသေ့တောင်၊ ပေါက်တော စသည့် မြို့နယ်များတွင် ရေနစ်သေဆုံးသူ ၁၇ ဦးအထိ ရှိလာပြီဖြစ်ကြောင်း တွေ့ရသည်။

