
AB News- ဇွန် ၃၊ ၂၀၂၅
ဒေဝီ
သံတွဲမြို့နယ်တွင် စစ်ကောင်စီတပ် ထောင်ထားခဲ့သည့် မိုင်းနင်းမိပြီး အမျိုးသားတစ်ဦး ခြေတစ်ဖက် ပြတ်ထွက်သွားကြောင်း ဒေသခံများထံမှ သိရသည်။
ခြေတစ်ဖက်ပြတ်ထွက်သွားသူမှာ သံတွဲမြို့နယ်၊ မော်ရုံရွာက အသက် ၂၅နှစ်အရွယ် ကိုနိုင်လင်းထွန်း ဖြစ်သည်။
၎င်းသည် ပြီးခဲ့သည့် မေလ ၃၁ ရက်နေ့၊ ညနေ ၅ နာရီ ၅၀ မိနစ်ခန့်က မောင်ရွှေလေးရွာတွင် အုန်းသီးကောက်ပြီး ရွာသို့အပြန် ကျောက္ကလပ်ရွာတောင်ကျော်လမ်း၌ ယခင်က စစ်ကောင်စီတပ် ထောင်ထားခဲ့သည့် မိုင်းတစ်လုံးကို တက်နင်းမိပြီး ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ယင်းမိုင်းပေါက်ကွဲမှုကြောင့် ကိုနိုင်လင်းထွန်း၏ ညာဘက် ခြေထောက် ပြတ်ထွက်သွားခဲ့ရာ အရေးပေါ် ဆေး ကုသမှုခံယူနေရကြောင်း သိရသည်။
အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအနေဖြင့် အာရက္ခဒေသအတွင်း မိုင်းနှင့် စစ်ကျန်လက်နက်အန္တရာယ်ဆိုင်ရာ ပညာပေးဟောပြောပွဲများ၊ မိုင်းအန္တရာယ်ဆိုင်ရာ သတိပေး ဆိုင်းဘုတ်များ၊ မိုင်းအန္တရာယ်ဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများနှင့် မိုင်းရှင်းလင်းရေး လုပ်ငန်းများကို ဆက်တိုက်လုပ်ဆောင်နေသည်။