
AB News – မတ် ၂၉ ၊ ၂၀၂၅
ရက္ခိုင်ပြည် ၊ သံတွဲမြို့နယ်၊ ရောင်ခြည်ဦးရွာတွင် စစ်ကျန်မိုင်းနင်းမိ၍ ဒေသခံပြည်သူ ၁ ဦး ခြေတစ်ဘက် ပြတ်ထွက်သွားခဲ့ကြောင်း သိရှိရသည်။
မတ်လ ၂၆ ရက်နေ့ ၊ နေ့လည် ၃ နာရီ အချိန်ခန့်တွင် ဦးစိုးသန်းသည် နေအိမ်အနောက်ဘက်ရှိ ရာဘာခြံသို့ မီးလိုင်းပိတ်ရန်သွားစဥ် စစ်ကျန်မိုင်း နင်းမိ၍ ဘယ်ဘက်ခြေထောက် ပြတ်ထွက်သွားခဲ့ကြောင်း မိသားစုနှင့် နီးစပ်သူ ၁ ဦးက AB News သို့ပြောသည်။
”မိုင်းနင်းမိတာကတေ့ာ ၃ ရက်လောက်ကြာပြီ။ ဦးလေးဦးစိုးသန်းက မီးပိတ်ဖို့တွက် ရာဘာခြံကို သွားတာ။ အဲ့ဒီမှာ စစ်ကောက်စီ ထောင်ထားခဲ့တဲ့ မြေမြုပ်မိုင်းနင်းမိလို့ ဘယ်ဘက်ခြေထောက်ပြတ်ထွက်သွားတယ်” ဟု ဆိုသည်။
စစ်ကျန်မိုင်းနင်းမိသူမှာ ရောင်ခြည်ဦးရွာမှ အသက် ၆၀ နှစ်အရွယ် ဦးစိုးသန်းဖြစ်ပြီး မိုင်းပေါက်ကွဲမှုကြောင့် ဘယ်ဘက်ခြေထောက်ပြတ်ထွက်သွားခဲ့ရသည်။
လက်ရှိတွင် ၎င်းအား နီးစပ်ရာ ဆေးခန်း၌ ဆေးကုသမှုခံယူထားကြောင်း သိရသည်။
မတ်လ ၂၀ ရက်နေ့ နံနက်ပိုင်း ၉ နာရီလောက်တွင် သံတွဲမြို့နယ် ရေဖြူအိုင်ကျေးရွာ အနီးဝန်းကျင်သို့ ထင်းခုတ်သွားသော မောင်ဆန်းဝင်းသည် ယခင်စစ်ကောင်စီထောင်ထားခဲ့သည့် မိုင်းတစ်လုံးကို နင်းမိကာ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ခြေ ၁ ဘက် ပြတ်ထွက်သွားခဲ့ရသည်။
ပြီးခဲ့သည့် မတ်လ ၉ ရက်နေ့ကလည်း ကျောက်တော်မြို့နယ်၊ မင်းသားတောင်ကျေးရွာတွင် စစ်ကျန်ဗုံးသီး တစ်လုံးကို ကောက်ယူ ဆော့ကစားရာမှ ပေါက်ကွဲမှုဖြစ်ပွားပြီး ဆယ်ကျော်သက်အရွယ် လူငယ်တစ်ဦး သေဆုံးခဲ့ရပြီး ၄ ဦး ဒဏ်ရာရရှိခဲ့သည်။
စစ်ကျန်မြေမြှုပ်မိုင်းနှင့် စစ်ကျန်လက်နက်ပေါက်ကွဲမှုကြောင့် ရက္ခိုင်ကဒေသခံများမှာ ကိုယ်လက်အင်္ဂါဆုံးရှုံးများ ဆိုးဝါးစွာ ရင်ဆိုင်ကြုံတွေ့နေကြရသည်။
အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအနေဖြင့် တိုက်ပွဲဖြစ်ပွားခဲ့သောနေရာများနှင့် အနီးတစ်ဝိုက်တွင် ကျန်ရှိနေသေးသည့် စစ်လက်နက်ပစ္စည်းများကို မထိတွေ့ရန်နှင့် တွေ့ရှိပါက သက်ဆိုင်ရာသို့ အကြောင်းကြားရန် အသိပေးနှိုးဆော်ထားသည်။
မိုင်းနှင့် စစ်ကျန်လက်နက်အန္တရာယ် ပညာပေးဟောပြောပွဲများ၊ မိုင်းအန္တရာယ်ဆိုင်ရာ သတိပေးဆိုင်းဘုတ်များထောင်ခြင်း၊ မိုင်းအန္တရာယ်ဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးမှုများနှင့် မိုင်းရှင်းလင်းရေး လုပ်ငန်းများ လုပ်ဆောင်နေသည်ကိုလည်း တွေ့ရှိရသည်။