ရက္ခိုင်ပြည်၊ သံတွဲမြို့နယ်ရှိ ရွှေလှေ ဆက်သွယ်ရေး တာဝါတိုင်ကို စစ်ကောင်စီက လက်နက်ကြီးဖြင့်အဆက်မပြတ်ပစ်ခတ် ဖျက်ဆီးလိုက်ပြီး ဆက်သွယ်ရေးလိုင်းများ ပြတ်တောက်သွားပြီဖြစ်ကြောင်း သိရသည်။
အကြမ်းဖက် စစ်ကောင်စီ၏ ဗောဓိကုန်း၊ သူခိုးစမ်းတောင်ဖက်မှ ယနေ့ မေလ ၁၇ ရက်၊ ညနေ ၆ နာရီခန့်မှစတင်ပြီး သံတွဲမြို့နယ် ရှိရွာများသို့ လက်နက်ကြီးဖြင့် အဆက်မပြတ် ပစ်ခတ်နေကြောင်း ဒေသခံတစ်ဦးက AB News သို့ပြောသည်။
“အခုလက်နက်ကြီးနဲ့ပစ်နေတယ်။ လက်နက်ကြီး ၁၀ လုံးတောင်ရှိသွားပြီ ။ ဘယ်ရွာတွေမှာကျရောက်ပေါက်ကွဲတာကိုမသိရသေးဘူး။ ရွှေလှေတာဝါတိုင်လည်း ကျိုးကျသွားတယ် လို့ သိရတယ်” ဟု ဆိုသည်။
အကြမ်းဖက် စစ်ကောင်စီက လက်နက်ကြီး ပစ်ခတ်နေမှုကြောင့် ရွှေလှေ၊ လင်းသီရွာနှင့် တစ်ခြားရွာများမှ ဒေသခံများလည်း ဘေးလွတ်ရာသို့ ထွက်ပြေးနေရပြီး ဖုန်းလိုင်း၊ အင်တာနက်လိုင်းများလည်း မရတော့ကြောင်း သိရသည်။
ထို့အပြင် သံတွဲမြို့ အံတော်တံတားတွင်လည်း စစ်ကောင်စီတပ်သားအင်အားအများအပြား နေရာယူထားကြောင်း ဒေသခံတစ်ဦးက ပြောသည်။
“အံတော်တံတားမှာ စစ်ကောင်စီတပ်သားတွေ အများကြီး နေရာယူထားတယ်။ အဓိကပါဝင်တာက ပြည်သူ့စစ်သင်တန်းတက်ထားသူတွေပဲ” ဟုဆိုသည်။
လက်ရှိတွင် သံတွဲရှိတာဝါတိုင်အချို့ လက်နက်ကျည်ထိမှန်သွားသည့်အတွက် ဖုန်းလိုင်း၊ အင်တာနက်လိုင်းများပြတ်တောက်သွားပြီး ဒေသခံပြည်သူများ ဆက်သွယ်ရေး အခက်တွေ့နေရကြောင်း သိရသည်။
သံတွဲမြို့အနီးထိ အာရက္ခတပ်တော်က ထိုးစစ်ဆင်တိုက်ခိုက်လာသည့်အတွက် ၂ ဖက်စစ်ရေးပြင်းထန်လျက်ရှိကြောင်း သိရသည်။
တိုက်ပွဲပြင်းထန်နေမှုကြောင့် ငပလီအခြေစိုက် ၅၅ တပ်ရင်းမှူး ခွန်မျိုးလွင်ဦးလည်း နေပြည်တော်သို့ ထွက်ပြေးသွားကြောင်း ဒေသခံများပြောပြချက်အရ သိရသည်။