သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မူဆယ်တွင် အလုပ်လုပ်ရန်သွားသည့် ရက္ခိုင်အမျိုးသမီး ၁ ဦး စစ်ကောင်စီ စစ်ဆေးရေးဂိတ်တွင် ဖမ်းဆီး သတ်ဖြတ်ခံရ

AB News – ဒီဇင်ဘာ ၇ ၊ ၂၀၂၄

ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်မြို့တွင် အလုပ်လုပ်ရန်သွားသည့် ရက္ခိုင်အမျိုးသမီး ၄ ဦးအား စစ်ကောင်စီက စစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးပြီး ၎င်းတို့ထဲမှ အမျိုးသမီး ၁ ဦးအား သတ်ဖြတ်လိုက်ပြီး ကျန် ၃ ဦးမှာ ငွေကျပ်သိန်း ၁၀၀ စီပေးခဲ့ရကာ ပြန်လည် လွတ်မြောက်လာကြောင်း သိရသည်။

ယမန်နေ့ ၊ ဒီဇင်ဘာလ ၆ ရက်နေ့ ၊နံနက် ၉ နာရီအချိန်ခန့်တွင် ထိုအမျိုးသမီး ၄ ဦးအား အကြမ်းဖက် စစ်ကောင်စီက ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း ခိုင်လုံသတင်းရင်းမြစ်က AB News သို့ပြောသည်။

“အဲဒီအမျိုးသမီး ၄ ယောက်ကို စစ်ကောင်စီဂိတ်မှာ ဖုန်းစစ်ဆေးတဲ့ခါ ဖမ်းဆီးသွားတာပါ။ ၁ ယောက်ကတေ့ာ စစ်ကောင်စီတွေသတ်လို့ အဲဒီနေရာမှတင် သေဆုံးသွားပါတယ်၊ ကျန် ၃ ယောက်ကတော့ ကျနော်သိရသလောက် တစ်ယောက်ကို ငွေကျပ် သိန်း ၁၀၀ စီပေးခဲ့ရတယ်လို့ သိရပါတယ်” ဟုဆိုသည်။

စစ်ကောင်စီ၏ သတ်ဖြတ်မှုကြောင့် သေဆုံးသွားသူမှာ ရက္ခိုင်ပြည်၊ မြေပုံမြို့နယ် ၊ ကမ်းထောင်းကြီးမြို့မှ အသက် ၂၅ နှစ်အရွယ် မနွယ်နွယ်မြင့် ဖြစ်ကြောင်းသိရှိရသည်။

ပြန်လည်လွတ်မြောက်လာသည့် အမျိုးသမီး ၃ ဦးမှာလည်း ကမ်းထောင်းကြီးမြို့မှ အသက် ၁၈ နှစ်မှ ၂၂ နှစ်ကြားအရွယ်ရှိသူများဖြစ်ကြောင်း သိရသည်။

ထို့အပြင် မူဆယ်မြို့တွင် ရက္ခိုင်အပါအဝင် တခြားဒေသများမှ အလုပ်လာရောက် လုပ်ကိုင်ကြသူများအားလည်း အကြမ်းဖက် စစ်ကောင်စီက ဖမ်းဆီး၊ ငွေညှစ်၊ သတ်ဖြတ်မှုများရှိကြောင်း မူဆယ်မှ အမည်မဖော်လိုသည့် သတင်းရင်းမြစ် တစ်ဦးက ပြောသည်။

“ဒီကာလမှာ မူဆယ်ဖက်သို့ မလာသင့်ဘူး။ စစ်ကောင်စီက တွေ့သမျှလူတွေကို ရန်သူလို ပြုမူနေတယ်။ ဖုန်းတွေကို စစ်ဆေးတယ်။ မသင်္ကာရင် ချက်ချင်း ဖမ်းဆီးပြီးတော့ တရားလက်လွတ် သတ်ဖြတ်နေတာရှိတယ်။ ဖမ်းဆီးပြီးတော့ ငွေညှစ်တယ်။ သူတို့ တောင်းတဲ့ ငွေပမာဏကို ပေးရင် ပြန်လွှတ်ပေးတာရှိတယ်။ မပေးနိုင်ရင် သတ်တယ်လို့ ကြားပါတယ်။ ရက္ခိုင်တစ်ခုတည်းတော့ မဟုတ်ဘူး။ တခြားဒေသက ဘယ်လူမျိုးပဲ ဖြစ်ဖြစ် တရားလက်လွတ် ဖမ်းတာ ငွေညှစ်တာ သတ်ဖြတ်တာတွေကို လုပ်နေပါတယ်” ဟု ပြောသည်။

လက်ရှိအချိန်တွင် ရက္ခိုင်မှ လူငယ်များအနေဖြင့်လည်း စစ်ကောင်စီထိမ်းချုပ်ထားသည့် နေစပ်ဒေသများသို့ သွားရောက်၍ အလုပ်ရှာဖွေလုပ်ကိုင်ရန် မသွားသင့်ကြောင်း ရက္ခိုင်လူငယ် ခေါင်းဆောင် တစ်ဦးက AB News သို့ပြောသည်။

“ဒီအချိန် ဒီကာလမှာ စစ်ကောင်စီနဲ့ ဝေးဝေးနေတာ အကောင်းဆုံးပဲ။ အထူးသဖြင့် ရက္ခိုင်က ပြည်ပထွက်ခွာပြီး အလုပ်သွားလုပ်တဲ့ လူငယ်တွေအနေနဲ့ စစ်ကောင်စီထိမ်းချုပ်ထားတဲ့ နယ်စပ်ဒေသတွေကို လုံးဝ မသွားသင့်ဘူး။ မသွားတာက အသက်အန္တရာယ် ပိုပြီးတော့ လုံခြုံတယ်” ဟု ဆိုသည်။

မူဆယ်မြို့မှာ တရုတ်ပြည်သို့ နယ်စပ်ဒေသမြို့ဖြစ်ပြီး မူဆယ်နှင့် တရုတ်နိုင်ငံတို့တွင် အလုပ်လုပ်ကိုင်ရန် ရက္ခိုင်အပါအဝင် မြန်မာနိုင်ငံမှ လူငယ်များ နေ့စဥ် ရာချီ ဝင်ရောက်သွားလာနေကြသည့် နေရာဖြစ်သည့်အပြင် စစ်မက်မကြာခဏ ဖြစ်ပွားသည့် နေရာ တစ်ခုလည်း ဖြစ်သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ