(အခြားစစ်ရှောင် ၁၀၀ ကျော်မှာ ဝမ်းပျက်ဝမ်းလျော့ရောဂါ ကူးစက်ခံနေရ)

ရက္ခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ အထက်မြတ်လှဲစစ်ဘေးဒုက္ခသည်စခန်းရှိ စစ်ဘေးဒုက္ခသည် ၁၀၀ ကျော်မှာ ဝမ်းပျက်ဝမ်းလျော့ရောဂါ ခံစားနေကြပြီး ၁၇ နှစ်အရွယ် အမျိုးသမီး ၁ဦးအပါအဝင် ၃ဦး သေဆုံးခဲ့ရကြောင်း ဒေသခံများက အတည်ပြုပြောဆိုသည်။
“ဝမ်းပျက်ဝမ်းလျော့ဖြစ်ပွားတာဟာ သောက်သုံးရေ မသန့်ရှင်းတာက စတာပါ။ ပြီးရင် လူဦးရေ ၇၀၀ ကျော်ရှိတဲ့ စစ်ဘေးဒုက္ခသည်စခန်းမှာ အိမ်သာ ၈ လုံးသာ ရှိပါတယ်။ ဝမ်းပျက်ဝမ်းလျော့ဖြစ်ပြီး ပြီးခဲ့တဲ့လအတွင်း ၃ဦး သေဆုံးခဲ့ရတယ်” ဟု ဆိုသည်။
ဝမ်းပျက်ဝမ်းလျော့ဖြစ်ပြီး သေဆုံးခဲ့သူများမှာ
အသက် ၁၇ နှစ်အရဠယ် မသန္တာကြည် ၊ အသက် ၇ဝ နှစ်အရွယ်ဦးမောင်ယုံ နှင့် အသက် ၆၄ နှစ်အရွယ် ဒေါ်ငွေခင် တို့ဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် ဧပြီလ ပထမအပတ်အတွင်း အဆိုပါ စစ်ရှောင်စခန်း၌ ဝမ်းပျက်ဝမ်းလျော့ဖြစ်ပွားခဲ့ပြီး ဧပြီလ ၁၁ ရက်နေ့တွင် ဦးမောင်ယုံ သေဆုံးခဲ့ရကာ ဧပြီလ ၂၅ရက်နေ့တွင် ဒေါ်ငွေခင်နှင့် ဧပြီ ၂၈ ရက်နေ့တွင် မသန္တာကြည် သေဆုံးခဲ့ရသည်။
ပြီးခဲ့သည့် ဧပြီလမှ စတင်ကာ ရာသီဥတုမှာ လွန်စွာ ပူပြင်းလာပြီး သောက်သုံးရေပြတ်လပ်လာခဲ့သည့်အတွက် မသန့်ရှင်းသည့်ရေများကို ဒုက္ခသည်များမှာ သောက်သုံးခဲ့သောကြောင့် ဝမ်းပျက်ဝမ်းလျော့ရောဂါခံစားရခြင်းဖြစ်သည်ဟု ဒေသခံများက ဆိုကြသည်။
စခန်းအတွင်း ဝမ်းပျက်ဝမ်းလျော့ဖြစ်ပွားနေသူ ၁၀၀ ကျော် ရှိနေပြီး ဆေးကုသမှုခံယူရန် လိုအပ်နေကြောင်း စစ်ဘေးဒုက္ခသည် ၁ ဦးက AB News သို့ ပြောသည်။
“ဝမ်းပျက်ဝမ်းလျော့ဖြစ်ပြီး သေဆုံးခဲ့သူတွေဟာ ကောင်းမွန်စွာ ဆေးကုသမှု မခံယူခဲ့ရဘူး။ အခုလည်း ဝမ်းပျက်ဝမ်းလျှောဖြစ်နေသူ တစ်ရာကျော်လောက်ရှိတယ်။ သူတို့ဟာ အရေးပေါ် ဆေးကုသမှု ခံယူဖို့ လိုအပ်နေပါတယ်။ ဆေးကုသဖို့ သူတို့မှာ ပိုက်ဆံလည်း မရှိပါဘူး။ တကယ့် အခက်အခဲ ဖြစ်နေကြတာပါ” ဟု ဆိုသည်။
အထက်မြတ်လှဲစစ်ဘေးဒုက္ခသည်စခန်းတွင် အိမ်ထောင်စု ၁၃၀ ကျော်ရှိပြီး လူဦးရေ ခုနစ်ရာကျော် နေထိုင်လျက်ရှိကြောင်း သိရသည်။
သောက်သုံးရေ မသန့်ရှင်းမှုကြောင့် စစ်ဘေးဒုက္ခသည်များမှာ ဝမ်းပျက်ဝမ်းလျောရောဂါခံစားနေရသည့်အပြင် အရေပြားရောဂါပါ ခံစားနေကြရကြောင်း သိရှိရသည်။
ဝမ်းပျက်ဝမ်းလျော့ဖြစ်ပွားလျက်ရှိသည့် အထက်မြတ်လှဲစစ်ဘေးဒုက္ခသည်စခန်းရှိ ဒုက္ခသည်များမှာ နိုင်ငံတကာအဖွဲ့အစည်းများ၏ အကူအညီများ မရရှိသည့်အတွက် စားနပ်ရိက္ခာများနှင့် ဆေးဝါးများ ပြတ်တောက်နေပြီး ဒုက္ခသည်များ၏ အသက်ရှင်သန်ရေး အလွန်ပင် ခက်ခဲလျက်ရှိသည်။