Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
နေအိမ်ဖျက်ဆီးခံရကာ အမှုဖွင့်တရားစွဲဆိုခံထားရသည့် ရမ်းဗြဲဒေသခံ ၂ ဦးကို ရုံးထုတ်ရာစစ်ဆေးမှု မရှိဘဲ ရက်ရွေ့ဆိုင်း

နေအိမ်ဖျက်ဆီးခံရကာ အမှုဖွင့်တရားစွဲဆိုခံထားရသည့် ရမ်းဗြဲဒေသခံ ၂ ဦးကို ရုံးထုတ်ရာစစ်ဆေးမှု မရှိဘဲ ရက်ရွေ့ဆိုင်း

ABN-ရာဟု

ဇူလိုင် ၂၇ရက်

ရခိုင်ပြည်နယ် ရမ်းဗြဲမြို့တွင်းရှိ နေအိမ်နှင့် ထမင်းဆိုင်ဖျက်ဆီးခံရကာ အိမ်ဥပစာပုဒ်မ ၉(၁)နှင့် အမှုဖွင့်တရားစွဲဆိုခံထားရသည့် ရမ်းဗြဲ ဒေသခံ ၂ ဦးကို ဒုတိယအကြိမ် ရုံးထုတ်စစ်ဆေးခဲ့မှုမရှိဘဲ သြဂုတ်လ ၃ရက်နေ့သို့သာ ရုံချိန်းထပ်မံချိန်းဆိုလိုက်သည်ဟု သိရသည်။

တရားစွဲဆိုခံရသူ ၂ဦးမှာ ရမ်းဗြဲမြို့၊ အမှတ် ၃ ရပ်ကွက်မှ ဦးအောင်လွင် အသက်၅၇ နှစ်နှင့် ၄င်း၏ညီဖြစ်သူ ဦးမောင်သန်းဌေး (ခ) မောင်ပွား အသက် ၄၀နှစ်တို့ဖြစ်သည်။

ရမ်းဗြဲမြို့နယ်တရားရုံတွင် ဇူလိုင်လ ၂၁ရက်နေ့ က ပထမဆုံးအကြိမ် ခေါ်ယူခဲ့သော်လည်း တစ်စုံတစ်ရာစစ်ဆေးခြင်းများမပြုလုပ်ဘဲ ဇူလိုင်လ ၂၆ ရက်နေ့ကိုသာ ထပ်မံရုံးချိန်းလိုက်သလို ဒုတိယအကြိမ်ရုံးချိန်းတွင်လည်း စစ်ဆေးမှုမရှိဘဲ သြဂုတ်လ ၃ ရက်နေ့သို့ ထပ်မံရုံးချိန်းလိုက်သည်ဟု ဦးအောင်လွင်၏ သားကပြောသည်။

“အမှုကအယင်ကအတိုင်းဘဲ မစစ်ဆေးဘူး၊ ပထမအကြိမ်ဆို ရုံးခန်းကိုတောင်မဝင်ရဘူး၊ ရက်ချိန်းဘဲပေးလိုက်တာ၊ ခုလည်းသြဂတ်လ ၃ရက်နေ့ကို ထပ်ချိန်းလိုက်တာ ” ဟု ဦးအောင်လွှင်၏သား ကိုပြည်ငြိမ်းလွှင်က ABN သို့ပြောသည်။

ဦးအောင်လွင်တွင် အစာအိမ်ရောဂါဝေဒနာအခံရှိပြီး၎င်းညီ ဦးမောင်သန်းဌေး(ခ)မောင်ပွားမှာလည်း စိတ်ဓာတ်ကျကာ စိတ်ပုံမှန်မဟုတ်သည့်အခြေအနေများဖြစ်နေသဖြင့် ဆေးဝါးကုသရန် အတွက် ဆရာဝန်ထောက်ခံချက် လက်မှတ်ဖြင့် ဇူလိုင်လ ၁၇ ရက်မှစတင်ကာ မြို့မရဲစခန်းအချုပ်ခန်းအတွင်းမှ လွှတ်ပေးခြင်းခံထားရခြင်းဖြစ်သည်။

ရမ်းဗြဲမြို့အတွင်းရှိ အချက်အချာကျသည့် အမှတ်(၃)ရပ်ကွက်၊ စောမဲကျီလမ်းရှိ အနံပေ ၅ဝ၊ အလျားပေ ရဝ ကျော်ရှိသည့်​ ဦးအောင်လွင်နေအိမ်ကို ဇူလိုင်လ ၃ ရက်နေ့ နံနက် ၁၁ နာရီခွဲတွင်ရဲအပါအဝင် ဌာနဆိုင်ရာ၅ခုမှ လူအင်အား ၁ဝဝ ခန့်က အင်အားသုံးဖြိုဖျက်ခဲ့ပြီး ၎င်းနှင့်အတူ ညီဖြစ်သူပါ ဖမ်းဆီးခံခဲ့ရသည်။

လမ်းဦးစီးဌာန၏ ဦးစီးအရာရှိ ဦးငြိမ်းချမ်းက တရားလိုလုပ်ပြီး အစိုးရအိမ်ရာဥပစာနှင်ထုတ်ခြင်းအက်ဥပဒေပုဒ်မ ၉(၁)ဖြင့် ရမ်းဗြဲမြို့မရဲစခန်းတွင်ဇူလိုင်လ ၄ရက်နေ့က အမှုဖွင့်ခံရခြင်းဖြစ်သည်ဟု သိရသည်။

တရားစွဲဆိုထားသည့် ပုဒ်မ ၉(၁)မှာ ပြစ်မှုထင်ရှားပါက ထောင်ဒဏ် ၃ နှစ်အထိဖြစ်စေ၊ ဒဏ်ငွေ ၁သိန်းမှ ၅သိန်းအထိဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်ကို တပြိုင်နက်တည်း ချမှတ်ခံရနိုင်သည်ဟု သိရသည်။

လက်ရှိတွင် ဦးအောင်လွှင်မိသားစုမှာ နေအိမ်ကိုအသိမ်းခံလိုက်ရ၍ ဆွေမျိုးများနေအိမ်တွင် ကပ်နေရသဖြင့် အခက်အခဲများဖြစ်လျှက်ရှိနေသည်ဟု မိသားစုဝင်များ၏ ပြောပြချက်အရ သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ