Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ်သို့ပြောင်းရန်အစီစဥ်ရှိဟု သတင်းများထွက်ပေါ်

ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ်သို့ပြောင်းရန်အစီစဥ်ရှိဟု သတင်းများထွက်ပေါ်

ABN-နွယ်စိုး

ဇူလိုင် ၂၆ ရက်

ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်အကျဉ်းထောင်ကနေ ဒုဝန်ကြီးများနေထိုင်သည့် နေအိမ်တခုသို့ ရွှေ့ပြောင်းရန် အစီအစဉ် ရှိကြောင်း လုံခြုံရေးတာဝန်ရှိသူတဦးက AP သတင်းဌာနကို ပြောကြားခဲ့သည်။

လာမည့် အင်္ဂါနေ့တွင် ကျင်းပမည့် စစ်ကောင်စီကတည်ထားသော ဗုဒ္ဓရုပ်ပွားတော်ကြီးဖွင့်ပွဲအထိမ်းအမှတ်အဖြစ်နှင့် ဒေါ်အောင်ဆန်းစုကြည်ကို အကျဉ်းထောင်ကနေ နေပြည်တော်ရှိ ဒုဝန်ကြီးများနေထိုင်သည့် နေအိမ်တခုသို့ပြောင်းရန် ကြေညာဖို့ရှိသည်ဟု နေပြည်တော်မှအမည်မဖော်လိုသည့် တာဝန်ရှိသူတဦးကAP သတင်းဌာနသို့ ပြောကြားသည်။

အဆိုပါရွှေ့ပြောင်းမည်ဆိုသောသတင်းကို တရားဝင် ထုတ်ပြန်ခွင့်မရှိသောကြောင့် ပြစ်ဒဏ်ကျနိုင်သည်ဟု အမည်မဖော်လိုသူ တာဝန်ရှိသူက ပြောကြားကာ ဒေါ်အောင်ဆန်းစုကြည်အား မည်သည့်နေရာသို့ ပြောင်းရွှေ့မည်ကို အတိအကျ မသိရသေးကြောင်းလည်း ၄င်းက ပြောကြားခဲ့သည်။

ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်က ဒုတိယဝန်ကြီးများနေထိုင်သည့် အိမ်တခုသို့ ပြောင်းရွေ့လိုက်ပြီ ဆိုသော သတင်းများထွက်ပေါ်နေခြင်းနှင့်ပတ်သက်လို့ ၄င်းအနေဖြင့် အတည်မပြုနိုင်သေးကြောင်း အေပီသတင်းဌာနကို ပြောကြားခဲ့သည်။

အကြမ်းဖက်မြန်မာတပ်မတော်အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်သော သတင်းများကို တင်းတင်းကျပ်ကျပ် ချုပ်ကိုင်ထား၍ ၄င်း၏ ရှေ့နေများကိုပါ ၄င်း ကိစ္စများနှင့် ပတ်သက်ပြီး မီဒီယာများသို့ ပြောဆိုခြင်းမပြုရန် နှုတ်ပိတ် အမိန့်ပေးခဲ့သည်။

များစွာသောစွဲချက်များနှင့် ထောင်ဒဏ် ၃၃နှစ်ချခံထားရသည့် အသက် ၇၈နှစ်အရွယ် ဒေါ်အောင်ဆန်းစုကြည်နှင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီးတို့ ယခုလဆန်းပိုင်းက သီးခြားတွေ့ဆုံခွင့်ရခဲ့ပြီး ၄င်းတို့အနေနှင့် မည်သည့်ကိစ္စများနှင့်ပတ်သက်၍ ပြောဆိုဆွေးနွေးသွားခြင်းကို အသေးစိတ်မသိရသေးပေ။

၄င်းအပြင် ၂၀၂၂ ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်NLD ပါတီအနေနှင့် အပြတ်အသတ်အနိုင်ရပြီး နောက်၊ အစိုးရနောက်သက်တမ်းအတွက် လွှတ်တော်မှခေါ်ယူမည့်အချိန်တွင် စစ်တပ်က အာဏာသိမ်းပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် အစိုးရအဖွဲ့ဝင်အားလုံးနီးပါးကို ဖမ်းဆီးထောင်ချခဲ့သည်။

မြန်မာ့လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏သမီး ဒေါ်အောင်ဆန်းစုကြည်သည် ၁၉၈၉ ခုနှစ်မှ ၂၀၁၀ ခုနှစ်အထိ နေအိမ်အကျယ်ချုပ်ဖြင့် နိုင်ငံရေးအကျဉ်းသားအဖြစ် ၁၅ နှစ်နီးပါး နေထိုင်ခဲ့ရသည်။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းခဲ့ခြင်းမှာ နှစ်နှစ်ကျော်လာပြီဖြစ်သော်လည်း နိုင်ငံရေး၊ စီးပွားရေး အကျပ်အတည်းများ ကြီးမားလာသည့်အပြင် နိုင်ငံနေရာအနှံ့အပြား၌ စစ်ရေးပဋိပက္ခများ ပိုပြီး ကျယ်ပြန့် လာနေသည်။

Ref-AP News

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ပါတီခေါင်းဆောင်တစ်ဦး သေဆုံးပြီးနောက် နိုင်ငံအတွင်း ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့ဝင်တို့ကြား ရုန်းရင်းဆန်ခတ်ဖြစ်ပွားကာ ရဲအရာရှိ ၁၅ ဦးဒဏ်ရာရရှိခဲ့ပြီး ပြည်သူ တစ်ဦး သေဆုံး