AB News – ဇူလိုင် ၁၀၊ ၂၀၂၅
နွယ်စိုး
၁၀၂၇ စစ်ဆင်ရေး မဟာမိတ်များဖြစ်ကြသည့် အာရက္ခတပ်တော် (AA)၊ ကိုးကန့်တပ်မတော် (MNDAA) နှင့် တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) တို့သည် တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးဇုန်ဖြစ်သော မူဆယ်မြို့နယ်၊ မိုင်းယု ၁၀၅ မိုင်တွင် ဆေးရုံသစ်တစ်ခုကို ဇူလိုင် ၈ ရက်က ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
အဆိုပါဆေးရုံကို စစ်ကောင်စီလက်အောက်မှ သိမ်းပိုက်ရရှိထားသည့် အစားအသောက်နှင့် ဆေးဝါးထိန်းချုပ်ရေးဌာန (FDA) ရုံးတွင် ဖွင့်လှစ်ခြင်းဖြစ်ပြီး ဆေးရုံတည်ဆောက်ရေး ကုန်ကျစရိတ်များကို ညီနောင်သုံးဖွဲ့ ပူးပေါင်းကာ ကုန်ကျခံခဲ့သည်ဟု သိရသည်။
၁၀၂၇ စစ်ဆင်ရေးအတွင်း ညီနောင်သုံးဖွဲ့ ထိန်းချုပ်ထားခဲ့သည့် မိုင်းယု ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်သည် စစ်ကောင်စီ ထိန်းချုပ်ရာ မူဆယ်မြို့နှင့် ၇ မိုင်ကျော်သာ ကွာဝေးသည်။
လက်ရှိတွင် မူဆယ်မြို့၌ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့ဆေးရုံကို ဖွင့်လှစ်ထားဆဲဖြစ်ပြီး ဝန်ထမ်းများ ပုံမှန်အတိုင်း ဆောင်ရွက်နေကြောင်း မူဆယ်မြို့ခံများက ပြောသည်။
တစ်ချိန်တည်းမှာပင် လားရှိုးမြို့အား စစ်ကောင်စီသို့ ပြန်လည် လွှဲပြောင်းပေးခဲ့ရသည့် MNDAA သည် လားရှိုးဆေးရုံကြီးမှ စက်ပစ္စည်းများအား သိန္နီမြို့သို့ ရွှေ့ပြောင်းယူဆောင်သွားခဲ့ပြီး သိန္နီနှင့် လောက်ကိုင်မြို့တို့ရှိ ဆေးရုံများအား ဆက်လက်တိုးချဲ့မှုများ လုပ်ဆောင်နေကြောင်း သိရသည်။


