Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှ ဆေးရုံနှစ်ခုကို စစ်ကောင်စီက ၀င်ရောက်စီးနင်းခဲ့ပြီး ဆေးရုံအုပ်နှင့် ဘုန်းကြီးတစ်ပါးအပါအ၀င် ၄ ဦးကို ဖမ်းဆီးသွား

ABN- မေအိအိအောင်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့တွင်ရှိသည့် ဆေးရုံနှစ်ခုကို စစ်ကောင်စီတပ်သားများ ၀င်ရောက်စီးနင်းပြီး ဆေးရုံအုပ်နှင့် ဘုန်းကြီးတစ်ပါးအပါအ၀င် ၄ ဦးကို စစ်ကောင်စီက ဖမ်းဆီးခေါ်ဆောင်သွားကြောင်းသိရသည်။

မုံရွာမြို့ရှိ ရွှေတော်၀င် ပုဂ္ဂလိကဆေးရုံကို စစ်ကောင်စီက ပြီးခဲ့သည့် ဇန်န၀ါရီလ ၂၂ ရက်နေ့က ၀င်စီးပြီး ဆေးရုံအုပ် ဒေါက်တာ ကျော်ဇင်လတ်၊ ခွဲစိတ်ခန်းမှ သူနာပြုအကူ တစ်ဦးနှင့် အလုပ်သမားတစ်ဦးကို ဖမ်းဆီးသွားကြောင်းသိရသည်။

အလားတူ မုံရွာမြို့ရှိ ရွှေ‌တောင်မေတ္တာဆေးခန်းကို ဇန်န၀ါရီ ၂၂ ရက်နေ့က ၀င်ရောက်စီးနင်းကာ ဆေးခန်းမှ ဆေးများအပါအ၀င် ဆေးရုံသုံးပစ္စည်းများကို စစ်ကောင်စီတပ်သားများဖျက်ဆီးခဲ့ကြောင်း သိရသည်။

ရွှေတောင်မေတ္တာ လူမှုကူညီရေးနှင့် အခမဲ့ဆေးခန်းမှာ ဘုန်းတော်ကြီးကျောင်းဝန်းတွင် ဖွင့်လှစ်ထားသည့် ဆေးခန်းဖြစ်ပြီး စစ်ကောင်စီမှ ဝင်ရောက်စီးနင်းချိန်တွင် ဆေးပေးခန်း၌ သက်ဆိုင်ရာဆေးတာဝန်ခံများ မရှိသည့်အတွက် ဘုန်းတော်ကြီးကျောင်းမှ ဘုန်းတော်ကြီးတစ်ပါးကို စစ်ကောင်စီတပ်သားများ ဖမ်းဆီးသွားပြီး အပြင်တွင် ရပ်ထားသည့် ကားကိုလည်း ယူဆောင်သွားကြောင်းသိရသည်။

ရွှေတော်၀င်ပုဂ္ဂလိက ဆေးရုံမှ ဖမ်းဆီးခံလိုက်ရသည့် ဆေးရုံအုပ် ဒေါက်တာကျော်ဇင်လတ်မှာ ပြီးခဲ့သည့်နှစ်တွင် စစ်ကောင်စီက ဖမ်းဆီးခြင်းတစ်ကြိမ်ရှိဖူးသည်ဟု သိရသည်။

အဆိုပါ ဆေးရုံနှစ်ခုတွင် အကြမ်းဖက်စစ်ကောင်စီ ဖီဆန်ရေး CDM လှုပ်ရှားမှုတွင် ပါ၀င်ပြီး စစ်ကောင်စီမှဆေးကုသမှု လိုင်စင်သိမ်းထားသည့် အထူးကုဆရာ၀န်များ လာရောက်ဆေးကုသပေးနေသည့်အတွက် စစ်ကောင်စီက ၀င်‌ရောက်စီးနင်းဖမ်းဆီးသွားခြင်းဖြစ်ကြောင်းသိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ