ABN-မေအိအိအောင်
ယမန်နေ့ ဇန်နဝါရီလ ၁၁ ရက်နေ့တွင် ကချင် ခရစ်ယာန်ဘာသာရေးခေါင်းဆောင် (KBC)ဥက္ကဌဟောင်း သိက္ခာတော်ရဆရာတော် ဒေါက်တာ ခလမ်ဆမ်ဆွန်းကို စစ်ကောင်စီက ပုဒ်မ ၂ ခုဖြင့်တရားစွဲဆိုထားကြောင်းသိရသည်။
ဒေါက်တာ ခလမ်ဆမ်ဆွန်းမှာ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၅ ရက်နေ့တွင် ထိုင်းနိုင်ငံသို့ဆေးကုသရန်သွားရာ မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်၌ ဖမ်းဆီးခံရပြီး မြစ်ကြီးနား မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်သို့ ဖမ်းဆီး ခေါ်ဆောင်သွားခြင်းခံခဲ့ရသည်။
ဆရာတော်ကို မြစ်ကြီးနား အကျဉ်းထောင်တွင်သာ ပြီးခဲသည့် ဇန်နဝါရီ ၁၁ ရက်နေ့က ရုံးထုတ်ပြီး မတရားအသင်းဆက်သွယ်မှု ဥပေဒပုဒ်မ ၁၇ (၁) နှင့် နိုင်ငံတော် ဆူပူအောင်လှုံဆော်မှု ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က)ဖြင့်တရားစွဲဆိုထားခဲ့သည်။
KBC၏ အတွင်းရေးမှူးအဖြစ် ၈ နှစ်၊ ဥက္ကဌ အဖြစ်၄ နှစ်တာဝန်ထမ်းဆောင်ခဲ့ပြီး လက်ရှိတွင် KBC ၏ အထူးအကြံပေးပုဂ္ဂိုလ် ဖြစ်သည့် ဒေါက်တာခလမ်ဆင်ဆွန်ကို မြောက်ပိုင်းတိုင်းဌာနချုပ်မှ ဗိုလ်မှူးအဆင့်ရှိသူက တရားလိုပြုလုပ်ကာ မြစ်ကြီးနားရဲစခန်းတွင် အမှုဖွင့်ထားခြင်းဖြစ်သည်။
သိက္ခာတော်ရဆရာတော် ဒေါက်တာခလမ်ဆမ်ဆွန် ကိုဖမ်းဆီးရခြင်းမှာ ၎င်း၏ဟောပြောချက်များကြောင့်ဖမ်းဆီးရခြင်းဖြစ်ကြောင်း KBC မှ တာဝန်ရှိသူများပြောကြားချက်အရသိရသည်။
ကချင်ဘာသာရေးခေါင်းဆောင်ကို ဖမ်းဆီးသွားသည်မှာ ၁ လကျော်ကြာပြီဖြစ်သော်လည်း မိသားစုဝင်များနှင့်တွေ့ခွင့် မရသေးကြောင်း မိသားစုဝင်များ ပြောကြားချက်အရသိရသည်။