
AB News – ဒီဇင်ဘာ ၁၊ ၂၀၂၅
ဒေဝီ
ရန်ကုန်မြို့၊ အရှေ့ဒဂုန်စက်မှုစုန်တွင် နေထိုင်သည့် ရက္ခိုင်ကျောင်းသား ၁ ဦး ကားတင် ပေါ်တာအဆွဲခံရ၍ နိုဝင်ဘာလ ၁၃ ရက်နေ့မှ စ၍ ပျောက်ဆုံးနေကာ ယခုအချိန်အထိ ပြန်ရှာမတွေ့သေးကြောင်း သိရှိရသည်။
ပေါ်တာဆွဲဖမ်းဆီးခံရသည့် ရက္ခိုင်ကျောင်းသားမှာ ပေါက်တောမြို့နယ်၊ င/ ဝက်စွယ်ကျေးရွာမှ အသက် ၁၉ နှစ်အရွယ် မောင်မိုးပိုင်စိုး ဖြစ်သည်။
နိုဝင်ဘာ ၁၃ ရက်နေ့၊ ည ၉ နာရီအချိန်ခန့်က မောင်မိုးပိုင်စိုးသည် ၎င်းအလုပ်လုပ်သည့် စက်ရုံအပြင်၌ သူငယ်ချင်း ၁ ဦးအား ရပ်စောင့်နေစဥ် အိမ်စီးကား ၁ စီးဖြင့် အတင်းအဓမ္မ ဆွဲခေါ်ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း နီးစပ်သူများက ပြောသည်။
၎င်းသည် ရန်ကုန်၌ ၁၂ တန်းစားမေးပွဲဖြေဆိုထားပြီး စက်ရုံ၌ အလုပ်ဝင်လုပ်နေခြင်းဖြစ်သည်။
ရန်ကုန်၌ စကမသည် စစ်တပ်ထဲသို့သွင်းရန် လူပြတ်သည့် ညအချိန်များ၌ ပေါ်တာဆွဲဖမ်းဆီးမှုများ ဆက်တိုက်လုပ်နေပြီး အဖမ်းခံရသူများတွင် ရက္ခိုင်လူမျိုး အများအပြား ပါဝင်ကြောင်း သိရသည်။