
AB News – ဒီဇင်ဘာ ၁ ၊ ၂၀၂၅
ဂျူလိုင်
စစ်ကော်မရှင်နှင့် အာရက္ခတပ်တော်တို့၏ စစ်ရေးအခြေအနေတင်းမာနေမှုကြောင့် ကျောက်ဖြူမြို့နယ်တွင် ဒေသခံ ၃ သောင်းကျော်ခန့် စစ်ဘေးတိမ်းရှောင်နေရကြောင်းသိရသည်။
ယခု လက်ရှိတိုက်ပွဲအခြေနေများကြောင့် ကျောက်ဖြူမြို့နယ်ရှိ အရပ်သားပြည်သူများသည် ၎င်းတို့ နေအိမ်၊ ရပ်ရွာများကို စွန့်ခွာပြီး ဘေးလွှတ်ရာနေရာများသို့ အရေးပေါ်တိမ်းရှောင်နေကြရသည်။
ထို့ကြောင့် ကျောက်ဖြူမြို့နယ်တွင် စစ်ရှောင်အရေအတွက်မှာ တစ်ရက်ထက်တစ်ရက် မြင့်တက်လျှက်ရှိကြောင်း ဒေသခံများမှ သိရသည်။
“အဒေါ်တို့က အရေးပေါ် တိမ်းရှောင်လာကြတာဆိုတော့ ဘာမှ ယူချိန်မရခဲ့ပါဘူး။ ဒီတိုင်း အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ ထွက်ပြေးလာတာပါ။ စောင်တွေ၊ အနွေးထည်တွေလည်း အဒေါ်တို့မှာ အလုံအလောက် ယူချိန်မရခဲ့ပါဘူး။ အအေးဒဏ်ကို အံတုခံစားနေရတယ်” ဟု အမည်မဖော်လိုသည့် စစ်ဘေးရှောင်တစ်ဦးက AB News သို့ ပြောသည်။
တိုက်ပွဲများ စတင်ခဲ့သော လွန်ခဲ့သည့် ၂ နှစ်ကတည်းက စစ်ကော်မရှင်၏ အဖက်ဖက်မှ ပိတ်ဆို့ထားမှုများကြောင့် ဒုက္ခအခက်ခဲဖြစ်နေချိန် ယခုကဲ့သို့ စစ်ဘေးတိမ်းရှောင်ရခြင်းမှာ ပိုမိုအဆင်မပြေဖြစ်ရကြောင်း စစ်ဘေးရှောင်အရေးကူညီဆောင်ရွက်ပေးနေသော ARE အဖွဲ့မှ ဆိုထားသည်။
ကျောက်ဖြူမြို့နယ်တွင် ဦးရေ ၃ သောင်းကျော်ရှိသည့်အထဲမှ အထောက်ပံရရှိမှု မရှိဆုံးရပ်ရွာ၊ အရေးပေါ်ထောက်ပံ့မှုအလိုအပ်ဆုံးရပ်ရွာများမှ မိသားစု ၂ ထောင်ခန့်ကို ARE အဖွဲ့မှ အကူညီထောက်ပံမှုများ လုပ်ဆောင်ရန် စီစဥ်နေကြောင်း သိရသည်။
ယင်း ရိက္ခာထောက်ပံမှုအတွက် အရေးပေါ်လိုအပ်ငွေ ကျပ်သိန်း ၁၀၀၀ အတွက် ARE အဖွဲ့အနေဖြင့် ကျပ်သိန်း ၅၀၀ ကို မတည်ထားကြောင်း ဆိုသည်။
အလားတူ ARE အဖွဲ့အနေဖြင့် ထောက်ပံ့ကူညီရေးအစီစဥ်များကို ဆက်လက် လုပ်ဆောင်နိုင်ရန်အတွက် အလှူရှင်များကိုလည်း အရေးပေါ်လိုအပ်နေကြောင်းနှင့် ၎င်းတို့နှင့် ပူးပေါင်းဆောင်ရွက်မည့် မည်သည့်အဖွဲ့စည်းကိုမဆို ဖိတ်ခေါ်ကြောင်း ဆိုထားသည်။
ယခုလက်ရှိမှာ အရေးပေါ်ရိက္ခာများအပြင် အနွေးအထည်၊ အမိုးအကာ၊ ရေသန့်၊ လသားအရွယ်ကလေးများအတွက် နို့မှုန့်၊ ကိုယ်ဝန်ဆောင်ဆေးဝါးနှင့် အိမ်သာများ အရေးတကြီး လိုအပ်နေကြောင်းသိရသည်။