သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်းတစ်ခု စတင်ဖြစ်ပေါ်နိုင်ခြေ ရှိနေပြီး မုတ်သုံလေအရှိန်ယူနေ

AB News – မေ ၅၊ ၂၀၂၆

​ဘင်္ဂလားပင်လယ်အော်နှင့် မြန်မာနိုင်ငံ၏ မိုးလေဝသအခြေအနေနှင့် ပတ်သက်၍ Tropical Tidbits မှ ရရှိသော AIFS-ENSEMBLE (AIFS-ENS) မေလ ၄ ရက်နေ့ နောက်ဆုံးထုတ်ပြန်ချက် အချက်အလက်များကို မိုးလေဝသပညာရှင် ဦးဝင်းနိုင်က အောက်ပါအတိုင်း သုံးသပ် ခန့်မှန်းထားသည်။

သီရိလင်္ကာနိုင်ငံ အရှေ့ဘက်နှင့် ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းတို့တွင် လေဝဲဖြစ်ထွန်းမှု (Vorticity) များ စုဖွဲ့နေတာကို တွေ့ရသဖြင့် မေလ ၈ ရက်နေ့ဝန်းကျင်တွင် ဘင်္ဂလားပင်လယ်အော် တောင်ပိုင်း၌ လေဖိအားနည်းရပ်ဝန်းတစ်ခု စတင်အခြေပြုလာနိုင်ခြေ ရှိနိုင်ကြောင်း ဦးဝင်းနိုင်ကဆိုသည်။

လက်ရှိတွင် အားကောင်းသော မုန်တိုင်းအဆင့်သို့ မရောက်ရှိသေးသော်လည်း လေထုအတွင်း လည်ပတ်မှု (Vortex) အားကောင်းလာရန် အစပျိုးနေသည့် အခြေအနေဖြစ်ကြောင်း သိရသည်။

အီကွေတာအနီးမှ တက်လာသော အနောက်တောင်လေများသည် ဘင်္ဂလားပင်လယ်အော်ထဲသို့ စတင်တိုးဝင်နေပြီဖြစ်သော်လည်း လေတိုက်နှုန်းမှာ အလယ်အလတ် (Moderate) အဆင့်မှာသာ ရှိနေ​သေးကြောင်း ဖော်ပြထားသည်။

မုတ်သုံလေသည် မြန်မာနိုင်ငံတောင်ပိုင်း (ကပ္ပလီပင်လယ်ပြင်) သို့ ဝင်ရောက်ရန် အရှိန်ယူနေဆဲဖြစ်ကာ အားအလွန်ကောင်းသော အဆင့်သို့ မရောက်သေးကြောင်း ဦးဝင်းနိုင်က သုံးသပ်ထားသည်။

ကမ်းရိုးတန်းနှင့် တောင်ပိုင်းဒေသ မေလ ၈ ရက်နေ့ နောက်ပိုင်းတွင် တနင်္သာရီတိုင်းနှင့် မွန်ပြည်နယ်တို့၌ အနောက်တောင်လေနှင့်အတူ စိုထိုင်းဆများ ဝင်ရောက်လာကာ မိုးစိပ်လာနိုင်ကြောင်း ပြောဆိုထားသည်။

အလယ်ပိုင်းနှင့် မြောက်ပိုင်းဒေသများတွင် နေ့အပူချိန်များ ဆက်လက်မြင့်မားနိုင်ပြီး၊ ညနေပိုင်းတွင် မိုးတိမ်တောင်များဖြစ်ထွန်းကာ မိုးကြိုးပစ်ခြင်းနှင့် လေပြင်းတိုက်ခတ်ခြင်းများကို အထူးသတိပြုရန် လိုအပ်သည်။

ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းတွင် လေဝဲများရှိနေခြင်းကြောင့် ပင်လယ်ပြင်ခရီးသွားလာသူများအနေဖြင့် လှိုင်းအသင့်အတင့် ရှိလာနိုင်ကြောင်း ခန့်မှန်းထားသည်။

မေလ ၈ ရက်နေ့အထိ model ခန့်မှန်းချက်များအရ မုတ်သုံလေသည် အင်အားအသင့်အတင့်ဖြင့် ဝင်ရောက်ရန် ပြင်ဆင်နေပြီး၊ ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းရှိ လေဝဲ၏ ရွေ့လျားမှုကို ဆက်လက်စောင့်ကြည့်ရမည့် ကာလဖြစ်ကြောင်း မိုးလေဝသပညာရှင် ဦးဝင်းနိုင်က သတိပေးနှိုးဆော်ထားသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ