သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
အိန္ဒိယအစိုးရက ရက္ခိုင်လူထုကို သစ္စာဖောက်ခဲ့တာဟာ ဘာလို့ ယနေ့အထိ အရေးပါနေတာလဲ

ABN-ဆောင်းပါးရှည်

လွန်ခဲ့တဲ့ ၂၅နှစ် ဒီလိုအချိန်ရက်သတ္တပတ်အတွင်းမှာ အိန္ဒိယစစ်တပ်ဟာ အန်ဒမန်ကျွန်းမှာရှိတဲ့ ကနဦး ရက္ခိုင့်လက်နက်ကိုင်အင်အားစုတွေကို ဖြိုခွင်းခဲ့ပါတယ်။ ဒီအဖြစ်အပျက်ရဲ့ အတိတ်မှတ်တမ်းတွေဟာ မြန်မာပြည်အနောက်ဖက်ခြမ်းမှာ ရှိတဲ့ ရက္ခိုင်တွေရဲ့ ရင်ထဲမှာ စွဲကျန်နေတုန်းပါပဲ။

၂၅နှစ်အကြာက အိန္ဒိယစစ်တပ်ဟာ ဝေးလံခေါင်ဖျား အန်ဒမန်ကျွန်းမှာရှိတဲ့ အစောပိုင်းရက္ခိုင်လက်နက်ကိုင်အင်အားစု တပ်ဖွဲ့ကို ချေမှုန်းပြီး မြန်မာပြည်အနောက်ဖက်ခြမ်းက ရက္ခိုင်လူထုကို အိန္ဒိယအစိုးရက သစ္စာဖောက်ခဲ့ပါတယ်။ အဲဒီကာလ ကတည်းကနေ အခုအချိန်အထိ အိန္ဒိယအစိုးရဟာ အဲဒီအဖြစ်အပျက်ကို လူသိရှင်ကြားထုတ်ဖော်ပြောဆိုတာမျိုး မရှိခဲ့ဖူးပါ။ ဒါပေမယ့် အဲဒီအဖြစ်အပျက်ဟာ ရက္ခိုင့်တော်လှန်ရေးအပေါ် အိန္ဒိယအစိုးရက သစ္စာဖောက်တဲ့နေ့ ဒါမှမဟုတ် ဗိုလ်ချုပ် ခိုင်ရာဇာကို အမှတ်ရနေကြတဲ့ ရက္ခိုင်လူထုကြားထဲမှာတော့ ဆက်ပြီးတော့ ပဲ့တင်ထပ်နေတုန်းပါပဲ။ ၂၀၀၉ ခုနှစ်က ထုတ်ဝေတဲ့ Rogue Agent ရဲ့ How India’s Military Intelligence Betrayed the Burmese Resistance စာအုပ်မှာ လူသိများထင်ရှားတဲ့ လူ့အခွင့်အရေးရှေ့နေ Nandita Haksar က အဲဒီအဖြစ်အပျက်ကို “အလွန်ဆိုးရွားတဲ့ လုပ်ရပ်” လို့ ဖော်ပြထားပါတယ်။

၁၉၉၈ ခုနှစ်၊ ဖေဖော်ဝါရီ ၁၁ ရက်နေ့ မနက်ခင်းမှာ အိန္ဒိယစစ်တပ်ဟာ “မျှော့-Leech” လို့ လျှို့ဝှက်နာမည်ပေးထားတဲ့ ရက်စက်တဲ့ စစ်ဆင်ရေးတစ်ခုကို ဆင်နွဲခဲ့ပါတယ်။ အဲဒီစစ်ဆင်ရေးအတွင်း အိန္ဒိယတပ်ဖွဲ့တွေဟာ အန်ဒမန် ပင်လယ်ထဲမှာရှိတဲ့ Landfall ကျွန်းကို စီးနင်းum အနည်းဆုံး လူ ၇၃ ဦးကို ဖမ်းဆီးခဲ့ပြီး တော်လှန်ရေးသမား ၆ ဦးကို ပစ်သတ်ခဲ့ပါတယ်။ အဲဒီလူတွေထဲမှာ ရခိုင့်တပ်မတော် ရဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ခိုင်ရာဇာ၊ ဗိုလ်မှူး စိုးထွန်း နဲ့ ကရင်အမျိုးသား အစည်းအရုံးက ခေါင်းဆောင်နှစ်ဦး တို့ ပါဝင်ခဲ့ပါတယ်။

၂၀၁၉ ခုနှစ် အိန္ဒိယအခြေစိုက် သတင်းဌာန Quint မှာ ဖော်ပြတာကတော့ အဖမ်းခံရတဲ့ ၇၃ဦးထဲက ၃၅ ဦးမှာ တံငါသည်တွေဖြစ်ပြီး ကျွန်းပေါ်မှာ ၁နှစ်ကြာဖမ်းဆီးထိန်းသိမ်းပြီး ပြန်လွှတ်ပေးခဲ့တယ်လို့ဆိုပါတယ်။ ပြီးရင် ထိုင်းလူမျိုး စက်လှေသမား နှစ်ဦးကိုလည်း ပြန်လွှတ်ပေးခဲ့ပြီး နောက်ထပ် ၂ဦးဟာ ထွက်ပြေးဖို့ ကြိုးစားခဲ့ပြီး ပျောက်ဆုံးနေတယ်လို့ ဆိုပါတယ်။ ကျန်တဲ့ ၃၄ ဦးကတော့ ကရင်တော်လှန်ရေးသမားတွေနဲ့ ရက္ခိုင်တော်လှန်ရေးသမားတွေပါပဲ။ သူတို့ရဲ့ အမှုကို လျှို့လျှို့ဝှက်ဝှက် ပြုလုပ်ခဲ့ပြီး ၆နှစ်ခွဲလောက် တရားစွဲဆိုတာမျိုးမလုပ်ဘဲ ၁၃ နှစ်ကြာ အကျဥ်းချထားခဲ့တာပါ။ ၂၀၁၁ ခုနှစ်ကျမှ အဲဒီလူတွေလွတ်မြောက်လာပြီး ကုလသမဂ္ဂက ဒုက္ခသည်အဖြစ် သတ်မှတ်ပေးခဲ့ပြီး နယ်သာလန်နိုင်ငံမှာ အခြေချခွင့်ပြုခဲ့ပါတယ်။

အဲဒီအကြမ်းဖက်ဖြိုခွင်းမှုကြောင့်ပဲ မြန်မာစစ်အစိုးရကိုဆန့်ကျင်တဲ့ ရက္ခိုင်အမျိုးသား တော်လှန်ရေးအတိုက်အခံ အဖွဲ့အစည်းမျိုးကို ဖွဲ့စည်းဖို့ ကျားကုတ်ကျားခဲ့ ကြိုးစားမှုဟာ အချိန်မတန်သေးခင် နိဂုံးချုပ်ခဲ့ရပါတယ်။ ၁၉၉၁ ခုနှစ် ဖေဖော်ဝါရီလ မှာ ထိုင်း-မြန်မာနယ်စပ်အတွင်း ကရင်အမျိုးသားအစည်းအရုံး (KNU) ရဲ့အကူအညီနဲ့ ဗိုလ်ချုပ်ခိုင်ရာဇာ အပါအဝင် ရခိုင်မျိုးချစ်လူတစ်စုဟာ ရခိုင်တပ်မတော် ကို ပထမဆုံး ဖွဲ့စည်းခဲ့ပါတယ်။ ဖွဲ့ပြီး မကြာခင်မှာပဲ ၁၉၉၁ ခုနှစ် မေလမှာ ရခိုင့်တပ်မတော်ရဲ့ တပ်ဖွဲ့ဝင် ၆၆ ဦးတို့ဟာ မြန်မာပြည် အရှေ့တောင်ဖက်ကနေ ဘင်္ဂလား-မြန်မာနယ်စပ်မှာ ရှိတဲ့ ရခိုင်ပြည်အထိ ကြိုးစားပြီး သွားရောက်ခဲ့ကြပါတယ်။ အဲဒီတပ်ဖွဲ့တွေဟာ မြန်မာစစ်တပ်နဲ့ တိုက်ပွဲတွေရင်ဆိုင်ခဲ့ရပြီး ၆၆ ယောက်ထဲက ၄၀ လောက်ပဲ နယ်စပ်ကို ဘေးကင်းစွာနဲ့ ရောက်ရှိခဲ့ပါတယ်။ ၁၉၉၂ နဲ့ ၁၉၉၃ ခုနှစ်အတွင်းမှာတော့ မြန်မာ-ထိုင်းနယ်စပ်ကနေ ရခိုင့်တပ်မတော်တပ်ဖွဲ့တွေဟာ ဘင်္ဂလားဒေ့ရှ်နယ်စပ်ကို ထပ်မံပြီး တပ်ဖွဲ့ဝင်တွေနဲ့ လက်နက်တွေ တခေါက်နှစ်ခေါက် ပို့ဆောင်ခဲ့ပါတယ်။

၁၉၉၄ ဇန်နဝါရီလအတွင်းမှာ အနည်းဆုံး ရခိုင်တော်လှန်ရေးတပ်ဖွဲ့ လေးဖွဲ့တို့ဟာ ရခိုင့်တပ်မတော်လို့ သိကြတဲ့ လက်နက်ကိုင်တပ်နဲ့အတူ ရခိုင်အမျိုးသားစည်းလုံးညီညွတ်ရေးပါတီ (National United Party of Arakan – NUPA) ဆိုပြီး တစ်ခုတည်းသော တော်လှန်ရေးအဖွဲ့အစည်းအဖြစ် ပြောင်းလဲဖို့ သမိုင်းဝင်ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့ကြပါတယ်။ အဲဒီအချိန်မှာ ရခိုင့်တပ်မတော်ကို ဗိုလ်ချုပ်ခိုင်ရာဇာ၊ ဗိုလ်မှူး စိုးထွန်း အပါအဝင် ခေါင်းဆောင် ၇ နှစ်ဦးနဲ့ ထပ်မံဖွဲ့စည်းခဲ့ကြပါတယ်။ ၁၉၉၇ အတွင်းမှာတော့ တပ်ဖွဲ့ဝင်အင်အား ၅၀၀ ကျော်အထိ တိုးမြင့်လာခဲ့ပြီး တပ်ဖွဲ့ဝင်၂၀၀ ကျော်ကို ရိုင်ဖယ်တွေတပ်ဆင်ပေးနိုင်ခဲ့ပါတယ်။ ပြီးရင် ရခိုင့်တပ်မတော်ဟာ အငယ်စား ရေတပ် တစ်ခုကိုလည်း တည်ထောင်နိုင်ခဲ့ပါတယ်။

အိန္ဒိယရဲ သစ္စာဖောက်မှု

၁၉၉၁ခုနှစ် ရခိုင့်တပ်မတော် ကို ဖွဲ့ပြီး မကြာခင်မှာပဲ ဗိုလ်ချုပ် ခိုင်ရာဇာ နဲ့ အိန္ဒိယထောက်လှမ်းရေးအေဂျင်စီတစ်ခုဖြစ်တဲ့ (Research and Analysis Wing – RAW) က အရာရှိတွေကြားမှာ ဆက်ဆံရေးကောင်းမွန်ခဲ့ပြီး သတင်းအချက်အလက်တွေကို မျှဝေကြပါတယ်။ ၁၉၉၄ခုနှစ် ရခိုင်တော်လှန်ရေးတပ်ဖွဲ့တွေ ပေါ်ပေါက်ပြီး သုံးနှစ်အကြာမှာတော့ ဆက်ဆံရေးတွေ ပိုမိုတိုးတက်လာခဲ့ပါတယ်။ နောက်ဆုံးမှာ RAW က အရာရှိတွေဟာ ဗိုလ်ချုပ်ခိုင်ရာဇာ ကို အိန္ဒိယစစ်တပ် အကြီးအကဲတွေ၊ ထောက်လှမ်းရေး အရာရှိတွေ အများကြီး နဲ့ မိတ်ဆက်ပေးခဲ့ပါတယ်။ အဲဒီအထဲက အကြီးအကဲတစ်ဦးကတော့ ဗမာစကား ကျွမ်းကျွမ်းကျင်ကျင်ပြောနိုင်ပြီး မန္တလေးတက္ကသိုလ်တက်ခဲ့တဲ့ ထူးထူးခြားခြား မြန်မာပြည်ဖွား အိန္ဒိယထောက်လှမ်းရေးအရာရှိ ဒုတိယ ဗိုလ်မှူးကြီး Biswajit Singh Grewal ပါ။ (သူ့မှာ နေဝင်း ဆိုတဲ့ မြန်မာ နာမည်တောင် ရှိခဲ့ဖူးပါတယ်) ၁၉၉၅ ဇန်နဝါရီလမှာတော့ အိန္ဒိယ အာသံရိုင်ဖယ်တပ်ရဲ့ စစ်ဦးစီးချုပ်ဖြစ်တဲ့ ဒုတိယ ဗိုလ်ချူပ်ကြီး Pradeep Chandran Nair ဟာ အိန္ဒိယ-မြန်မာနယ်စပ်မှာရှိတဲ့ NUPA/AA အခြေစိုက်စခန်းကို အလည်လာခဲ့ပြီး ဗိုလ်ချုပ်ခိုင်ရာဇာနဲ့ တွေ့ဆုံခဲ့ပါတယ်။

၁၉၉၇ အစောပိုင်းကာလမှာ NUPA/AA နဲ့ KNU ထိပ်ပိုင်းခေါင်းဆောင်တွေဟာ မြန်မာပြည်တောင်ပိုင်း ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသအထိ ဝင်ရောက်နိုင်တဲ့ လမ်းကြောင်းတွေ ရနိုင်ဖို့အတွက် အန်ဒမန်ကျွန်းမှာ အခြေစိုက်စခန်းတစ်ခု တည်ထောင်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ အဲဒီကိစ္စအတွက် ဗိုလ်မှူး စိုးထွန်းဟာ NUPA/AA ကို အစပိုင်းမှာ Narcondam Island ကျွန်းမှာ အခြေစိုက်ဖို့ ခွင့်ပြုခဲ့တဲ့ ဒုတိယ ဗိုလ်မှူးကြီး Grewal နဲ့ ဆက်သွယ်ပြောဆိုခဲ့ပါတယ်။ ပြီးနောက် Narcondam ကျွန်းကနေ မြန်မာကမ်းရိုးတမ်းက ကီလိုမီတာ ၃၀၀ လောက်ကွာတဲ့ အန်ဒမန်ကျွန်းစဥ်တွေထဲက တစ်ခုဖြစ်တဲ့ Landfall ကျွန်းမှာ အခြေစိုက်ခွင့်ပြုခဲ့ပါတယ်။

တစ်လအကြာမှာတော့ ဗိုလ်မှူးကြီး Grewal နဲ့အတူ အိန္ဒိယစစ်တပ်ရဟတ်ယာဥ် နဲ့ ဗိုလ်မှူးစိုးထွန်းကို Landfall ကျွန်းကို ခေါ်ဆောင်လာခဲ့ပါတယ်။ အဲဒီနှစ် မေလမှာတော့ NUPA/AA ရဲ့ ရေတပ်စစ်ဦးစီးချုပ် ဗိုလ်မှူး ခိုင်ကျော်ခိုင်နဲ့ သူ့တပ်ဖွဲ့ဝင်တွေဟာ ရေကြောင်းကနေ အဲဒီကျွန်းကို ရောက်ဖို့ကြိုးစားကြပေမယ့် အဲဒီကျွန်းတဝိုက် မုန်တိုင်းတွေပြင်းထန်တဲ့အတွက် လက်လျှော့ခဲ့ကြပါတယ်။ နောက်လမှာ ဗိုလ်မှူးကြီး Grewal ဟာ KNU ၊ NUPA/AA ခေါင်းဆောင်တွေနဲ့တွေ့ဖို့ ဘန်ကောက်ကို လေယာဥ်နဲ့လာခဲ့ပြီး ၁၉၉၈ ဖေဖော်ဝါရီ ၁၁ရက်နေ့မှာ အဲဒီကျွန်းပေါ်ပြန်လည်အခြေချထားပေးဖို့ သဘောတူညီခဲ့ကြပါတယ်။

၁၉၉၈ ခုနှစ် ဖေဖော်ဝါရီ ၈ ရက်နေ့မှာ ဗိုလ်ချုပ်ခိုင်ရာဇာ နဲ့ ဗိုလ်မှူးစိုးထွန်း တို့ ဦးစီးတဲ့ KNU က တပ်ဖွဲ့ဝင် ၁၃ ဦး၊ NUPA/AA က တပ်ဖွဲ့ဝင် ၂၇ ဦး ၊ စုစုပေါင်း ၄၀ ဦးတို့ဟာ မြန်မာပြည်တောင်ပိုင်း တနင်္သာရီကမ်းရိုးတန်းဒေသကနေ သင်္ဘောနှစ်စီးနဲ့ Landfall ကျွန်းကို ထွက်ခွာခဲ့ကြပါတယ်။ ဖေဖော်ဝါရီ ၁၀ရက်နေ့ ညနေပိုင်း ကျွန်းပေါ်ကို ရောက်ရှိခဲ့ကြပြီး အဲဒီကျွန်းမှာ တစ်ညအိပ်ခဲ့ကြပါတယ်။

နောက်နေ့မနက်အစောပိုင်းမှာတော့ ဗိုလ်မှူးကြီး Grewal အပါအဝင် အိန္ဒိယစစ်တပ်အရာရှိတွေဟာ မျှော့-Leech စစ်ဆင်ရေးကို ဆောင်ရွက်ကြပြီး ဗိုလ်ချုပ်ခိုင်ရာဇာ၊ ဗိုလ်မှူးစိုးထွန်း၊ ကေအန်ယူ ခေါင်းဆာင်နှစ်ဦး နဲ့ နောက်ထပ် တော်လှန်ရေးသမား နှစ်ဦးတို့ကို ကွပ်မျက်ခဲ့ကြပါတယ်။ ပြီးရင် ရှေ့မှာ ဖော်ပြခဲ့သလိုပဲ ကျန်တဲ့ ၃၄ ယောက်ကို ဖမ်းဆီး အကျဥ်းချထားလိုက်ပါတယ်။

ပြီးရင် နယူးဒေလီအစိုးရဟာ နိုင်ငံရဲ့ အရှေ့မြောက်ဖက်မှာရှိတဲ့ အိန္ဒိယဆန့်ကျင်တဲ့ ခွဲထွက်ရေးသမားတွေကို ထောက်ပံ့နေတဲ့ လက်နက်မှောင်ခိုသမားတွေကို မျှော့စစ်ဆင်ရေးက ဖြိုခွင်းခဲ့တယ် ဆိုပြီး အိန္ဒိယစစ်တပ်က ထုတ်ပြန်ပါတယ်။ ဒါပေမယ့် ရခိုင့်တပ်မတော်ထူထောင်ခဲ့တဲ့ အစောပိုင်းတည်ထောင်သူအကြီးအကဲ ခုနှစ်ဦးထဲက တစ်ဦးဖြစ်တဲ့ ဦးခိုင်ကျော်ခိုင်က ဒီစာရေးသူကို ပြောတာက “ဒီခေါင်းဆောင်တွေဟာ မြန်မာပြည်မှာရှိတဲ့ စစ်အစိုးရကို တိုက်ဖို့ ရည်မှန်းထားကြတဲ့ လူတွေဖြစ်ပြီး သူတို့ကို Landfall ကျွန်းမှာ လုံခြုံတဲ့နေရာတစ်ခုပေးမယ်ဆိုတဲ့ အိန္ဒိယရဲ့ ကတိစကားကို ယုံကြည်ပြီး Landfall ကျွန်းကို သွားရောက်ကြတာ ဖြစ်တယ်”လို့ ဆိုပါတယ်။ အိန္ဒိယစစ်တပ်ဟာ သန္ဓေတည်စ ရခိုင့်တော်လှန်ရေး အင်အားစုကို လုံးဝဥဿုံ ချေမှူန်းခဲ့တာဖြစ်ပြီး ကျွန်တော်တို့ ရခိုင်လူမျိုးတွေအားလုံးအပေါ် ဖောက်ဖျက်ကျူးလွန်ခဲ့တဲ့ ဘယ်တော့မှ မေ့ပျောက်နိုင်မှာ မဟုတ်တဲ့ သစ္စာဖောက်ခြင်း ဆိုပြီး ဦးခိုင်ကျော်ခိုင်က ဆိုပါတယ်။

မြန်မာပြည်မှာ အလုပ်လုပ်ခဲ့တဲ့ RAW ရဲ့ ဒုတိယအကြီးအကဲ၊ အိန္ဒိယထောက်လှမ်းရေး အရာရှိဟောင်းတစ်ဦးဖြစ်တဲ့ DB Nandi က အိန္ဒိယစစ်တပ်ရဲ့ စစ်ဆင်ရေးဟာ ရခိုင့်တော်လှန်းရေး ကြိုးပမ်းလှုပ်ရှားမှုကို ဖြိုခွင်းဖို့ တမင်တကာ ရည်ရွည်ထားတယ် လို့ ၂၀၀၇ ခုနှစ် The Guardian ကို ပြောပြခဲ့ပါတယ်။ ၂၀၁၉ ခုနှစ်မှာတော့ အနားယူသွားပြီဖြစ်တဲ့ ဗိုလ်မှူးကြီး Grewal က အဲဒီစစ်ဆင်ရေးကို အိန္ဒိယစစ်တပ်ရဲ့ ကိုယ်ပိုင်သဘောထားနဲ့ ဆောင်ရွက်ခဲ့တာမဟုတ်ဘဲ အိန္ဒိယအစိုးရရဲ့ ထောက်ခံချက်ကြောင့်သာ လုပ်ခဲ့တာလို့ ဆိုပါတယ်။

၁၉၉၈ ခုနှစ် Landfall ကျွန်းက အဖြစ်အပျက်တွေ ဖြစ်ပျက်ခဲ့ပြီးနောက် မြန်မာ-အိန္ဒိယနယ်စပ်မှာ ရခိုင်တော်လှန်ရေးအင်အားစုတွေရဲ့ အခြေစိုက်ဖို့ မအောင်မမြင်ဖြစ်စေတာ၊ အိန္ဒိယနိုင်ငံရဲ့ ရခိုင်တော်လှန်ရေးလှုပ်ရှားမှုကို မကြိုက်မနှစ်သက်တဲ့ သာဓကတွေကို ကြည့်ပြီး မြန်မာပြည် အနောက်ဖက်ခြမ်းက ရခိုင်လူထုအတွင်းမှာ မြန်မာစစ်အစိုးရကို တော်လှန်မယ့် ရခိုင့်တော်လှန်ရေး အောင်မြင်မယ်ဆိုတာကို အယုံအကြည်ရှိသူ မရှိသလောက်ပါပဲ။ ဒါပေမယ့် ၂၀၀၉ ခုနှစ် ရက္ခိုင့်တပ်မတော် ပေါ်ပေါက်လာချိန်မှာတော့ ရက္ခိုင်တွေ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးနိုင်ခွင့်ဆိုတဲ့ အိမ်မက်တွေဟာ ပြန်ပြီး အသက်ဝင်လာခဲ့ပါတော့တယ်။

ရက္ခိုင့်တပ်တော် (ရက္ခိုင့်တပ်တော် အဖွဲ့သစ်)နဲ့ လက်ရှိအိန္ဒိယအစိုးရတို့ရဲ့ ဆက်ဆံရေး

အိန္ဒိယစစ်တပ်က Landfall ကျွန်းမှာ NUPA/AA ကို ဖြိုခွင်းပြီး ၁၅ နှစ်အကြာမှာပဲ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) အကူအညီနဲ့ တရုတ်ပြည်နယ်စပ် ကချင်ပြည်နယ် လိုင်ဇာမြို့မှာ ဗိုလ်ချုပ်ထွန်းမြတ်နိုင် နဲ့ ရဲဘော်ရဲဖက် တပ်ဖွဲ့ဝင် ၂၅ ဦးတို့ဟာ ရက္ခိုင့်တပ်တော် ပုံစံအသစ်တစ်မျိုးကို ၂၀၀၉ ခုနှစ်၊ ဧပြီလမှာ တည်ထောင်ခဲ့ကြပါတယ်။

၂၀၀၉ ခုနှစ်ကနေ ရက္ခိုင့်တပ်တော် (AA) ဟာ သိသိသာသာ ကြီးထွားလာခဲ့ပြီး အခုဆိုရင် လက်နက်ကိုင် တပ်ဖွဲ့ဝင်ပေါင်း ၃၀,၀၀၀ အထိရှိလာပါတယ်။ အများစုက ရခိုင်ပြည်အတွင်းမှာ ရှိကြပြီး အဲဒီအထဲက အနည်းဆုံး တပ်ဖွဲ့ဝင် ၆၀၀၀ ကျော်ဟာ မြန်မာနိုင်ငံမြောက်ပိုင်းနဲ့ အရှေ့မြောက်ဖက်မှာရှိတဲ့ ရက္ခိုင့်တပ်တော်ရဲ့ မဟာမိတ် ဒေသတွေမှာ ရှိနေတယ်လို့ ဆိုပါတယ်။

မကြာသေးခင်က ရက္ခိုင့်တပ်တော်ရဲ့ နိုင်ငံရေးဦးဆောင်အဖွဲ့ဖြစ်တဲ့ ရက္ခိုင့်အမျိုးသား အဖွဲ့ချုပ် (ULA) က သူတို့ရဲ့ ULA အစိုးရအဖွဲ့ဟာ(De-Facto – တရားဝင်သည်ရှိ၊ မဝင်သည်ရှိ လက်ရှိတာဝန်ယူဆောင်ရွက်နေသည့်အစိုးရ) အနေနဲ့ ရခိုင်ပြည်ရဲ့ သုံးပုံ နှစ်ပုံအထိ ထိန်းချုပ်နိုင်ပြီလို့ ပြောကြားခဲ့ပါတယ်။ စစ်ရေးသုတေသီများကတော့ ၂၀၁၈-၂၀၂၀ ခုနှစ်အတွင်း မြန်မာစစ်တပ်နဲ့ ရက္ခိုင့်တပ်တော်တို့ကြား ဖြစ်ပွားတဲ့ တိုက်ပွဲတွေဟာ မြန်မာပြည်ရဲ့ ဆယ်စုနှစ်တွေအတွင်း ဖြစ်ပွားခဲ့တဲ့ အပြင်းထန်ဆုံးတိုက်ပွဲတွေဖြစ်တယ် လို့ဆိုကြပါတယ်။

၂၀၁၈-၂၀၂၀ လက်နက်ကိုင် ပဋိပက္ခတွေအတွင်း ULA/AA နဲ့ အသစ်တက်လာတဲ့ အိန္ဒိယအစိုးရတို့ကြား ဆက်ဆံရေးတွေဟာ ထူးဆန်းတယ်လို့ ဆိုရမှာပါ။ အိန္ဒိယဟာ ကမ္ဘာ့အကြီးမားဆုံး ဒီမိုကရေစီနိုင်ငံဖြစ်ပေမယ့် အိန္ဒိယအစိုးရဟာ အစဥ်အလာအရ မြန်မာစစ်တပ်နဲ့ပဲ ပလဲနံပသင့်လာခဲ့ပါတယ်။ ၂၀၁၉ ဖေဖော်ဝါရီ ၂ရက်နေ့ကနေ မတ်လ ၂ ရက်နေ့အထိ ရခိုင်ပြည်အတွင်း မြန်မာစစ်တပ်နဲ့ ရက္ခိုင့်တပ်တော်တို့ကြားဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအတွင်း အိန္ဒိယစစ်တပ်ဟာ အိန္ဒိယ-မြန်မာနယ်စပ်မှာရှိတဲ့ ရက္ခိုင့်တပ်တော်ကို တိုက်နေတဲ့ မြန်မာစစ်တပ်ရဲ့ ပူးပေါင်းစစ်ဆင်ရေးမှာ ပါဝင်ခဲ့ပါတယ်။ အဲဒီစစ်ဆင်ရေးဟာ နယ်စပ်ဒေသက ရက္ခိုင့်တပ်တော်တပ်စခန်းတွေကို ဖယ်ရှားဖို့ ရည်ရွယ်ထားခဲ့တာဖြစ်ပြီး အဲဒီဒေသမှာ အိန္ဒိယဟာ ရခိုင်ပြည် မြို့တော်စစ်တွေမှ တဆင့် မီဇိုရမ်ကနေ ကာလကတ္တားအထိ ကုလားတန်စီမံကိန်း (Kaladan Multi-Modal Transit Transport Project) ဆောင်ရွက်ဖို့ မျှော်မှန်းထားတာလည်း ဖြစ်ပါတယ်။

အိန္ဒိယအစိုးရဟာ ULA/AA ရဲ့ လက်နက်ကိုင်လှုပ်ရှားမှုကို ယာယီ ခဏတဖြုတ်လောက်သာ ပုန်ကန်တာဖြစ်ပြီး နောက်ဆုံးမှာ မြန်မာစစ်တပ်ကပဲ ပုန်ကန်သူတွေကို ချေမှုန်းသွားလိမ့်မယ် လို့ တွက်ဆထားပုံရပါတယ်။ ဒါပေမယ့် ၂၀၁၈-၂၀၂၀ ရခိုင်ပြည်အတွင်း လက်နက်ကိုင် ပဋိပက္ခတွေဟာ ယာယီရပ်တန့်သွားချိန်မှာတော့ ရက္ခိုင့်တပ်တော်ဟာ အဓိကထိန်းချုပ်သူအဖြစ် ဆက်လက်ရှိနေခဲ့ပြီး အဲဒီအခြေအနေကပဲ အိန္ဒိယရဲ့ မူဝါဒဆိုင်ရာဆုံးဖြတ်ချက် ချမှတ်သူတွေကြားမှာ ULA/AA နဲ့ ညှိနှိုင်းဖို့ လိုအပ်တယ်ဆိုတဲ့ ထင်မြင်ယူဆချက်တွေအဖြစ်ပြောင်းလဲသွားပုံ ပေါ်ပါတယ်။ ပြီးခဲ့တဲ့ နှစ် သြဂုတ်လ ၁၁ရက်နေ့မှာ ULA/AA ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဦးခိုင်သုခက အွန်လိုင်းကနေပြုလုပ်တဲ့ အစည်းအဝေးတစ်ခုအတွင်း ULA အစိုးရအနေနဲ့ ကုလားတန် ပရောဂျက်ဆိုင်ရာ စီမံဆောင်ရွက်ခြင်းတွေနဲ့ပတ်သက်ပြီး အိန္ဒိယအစိုးရနဲ့ ညှိနှိုင်းဆောင်ရွက်တာတွေ ပြုလုပ်ခဲ့တာရှိတယ်ဆိုပြီး ပြောကြားခဲ့ပါတယ်။

ဒါပေမယ့် အိန္ဒိယအစိုးရကတော့ ULA အစိုးရနဲ့ လူသိရှင်ကြား ထိတွေ့ဆက်ဆံတာမျိုးမရှိသေးပါဘူး။ မြန်မာစစ်တပ်နဲ့ ဆက်ဆံရေးကို ထိန်းထားဖို့အတွက် မြန်မာစစ်တပ်ကနေ ၂၀၂၁ ခုနှစ်ဖေဖော်ဝါရီ ၁ရက် အာဏာသိမ်းတဲ့နေ့ကစကာ ကလေးသူငယ်များအပါအဝင် ပြည်သူ ၂၉၀၀ နီးပါးကို သတ်ဖြတ်ခဲ့ပြီး အပြစ်မဲ့ပြည်သူ ၁၇,၀၀၀ နီးပါးကို ဖမ်းဆီးအကျဥ်းချထားတာရှိပေမယ့် မြန်မာစစ်တပ်ကျူးလွန်တဲ့ ရက်စက်ယုတ်မာမှုတွေနဲ့ပတ်သက်ပြီး အိန္ဒိယအစိုးရဟာ အမြဲလိုလို နှုတ်ဆိတ်နေလေ့ရှိပါတယ်။

လက်ရှိမှာ အိန္ဒိယအစိုးရဟာ ကုလားတန်စီမံကိန်းကို ဆက်လက်ဆောင်ရွက်ရန် နဲ့ အပြီးသတ်လုပ်ဆောင်ဖို့ ကြိုးစားနေပြီး ဇန်နဝါရီလ ၉ ရက်နေ့မှာတော့ အိန္ဒိယအစိုးရရဲ့ ဝန်ကြီးတစ်ဦးဖြစ်တဲ့ Sarbananda Sonowal က ကုလားတန်ပရောဂျက်ကို လည်ပတ်ဆောင်ရွက်ဖို့ အဆင်သင့် ဖြစ်နေပြီလို့ ဆိုခဲ့ပါတယ်။

ခြုံငြုံပြီးပြောရရင် မြန်မာနိုင်ငံအပေါ် အိန္ဒိယအစိုးရရဲ့ လက်ရှိချဥ်းကပ်ပုံတွေဟာ ပဟေဠိဆန်ပါတယ်။ အိန္ဒိယနိုင်ငံ အရှေ့ဖက်ဒေသတွေမှာရှိတဲ့ ဒေသတွင်း လုံခြုံရေးအရာရှိတွေဟာ စစ်အစိုးရကို တော်လှန်နေတဲ့ တပ်ဖွဲ့ဝင်တွေကိုသာမက မြန်မာစစ်တပ်ရဲ့ တိုက်ခိုက်မှုတွေကြောင့် မြန်မာ-အိန္ဒိယ နယ်စပ်ကိုထွက်ပြေးလာကြတဲ့ ဒုက္ခသည်တွေကိုလည်း မကြာခဏ ဖမ်းဆီးမှုတွေရှိနေပါတယ်။ နောက်ထပ် အရေးကြီးတဲ့ ကိစ္စတစ်ခုကတော့ မြန်မာစစ်အစိုးရတပ်တွေဟာ အိန္ဒိယနယ်စပ်နဲ့နီးကပ်တဲ့ စစ်ကိုင်းအထက်ပိုင်းဒေသမှာရှိတဲ့ တော်လှန်ရေးတပ်တွေကို တိုက်ခိုက်ဖို့ အိန္ဒိယဆန့်ကျင်ရေးတပ်ဖွဲ့တွေကို အသုံးပြုခဲ့တယ် ဆိုတဲ့ အချက်ပါ။

ဒါပေမယ့် အိန္ဒိယအစိုးရက လက်ရှိမြန်မာစစ်အစိုးရပေါ်ထားရှိတဲ့ မူဝါဒဟာ သူ့နိုင်ငံရဲ့အကျိုးစီးပွားကိုရော၊ မြန်မာလူထုရဲ့အကျိုးစီးပွားကိုပါ အကျိုးမပြုဘူးဆိုတာကို ULA/AA ဦးဆောင်တဲ့ ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးခွင့်ရဖို့ ကြိုးပမ်းနေကြတဲ့ ရက္ခိုင်တွေရဲ့ လွတ်မြောက်ရေးလှုပ်ရှားမှု အင်အားကြီးထွားလာခြင်းက ပြသနေပါတယ်။ ရခိုင်ပြည်မှာ ULA/AA လွှမ်းမိုးမှုရှိပေမယ့် နယူးဒေလီအစိုးရရဲ့ ဦးစားပေးကိစ္စဖြစ်တဲ့ ရခိုင်ပြည်မြောက်ပိုင်းက ကုလားတန်စီမံကိန်းနဲ့ပတ်သက်လာရင်တော့ လက်ရှိအစိုးရရဲ့ ချဥ်းကပ်ပုံကလည်းပဲ အများစုက အကျိုးဖြစ်ထွန်းစရာ မရှိပါဘူး။

အိန္ဒိယအစိုးရအနေနဲ့ မြန်မာပြည်စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုတွေနဲ့ ရခိုင်ပြည်ပဋိပက္ခအပေါ်မှာထားရှိတဲ့ မူဝါဒတွေထဲက အမှားတွေကို ပြန်လည်ပြုပြင်ဖို့ ယခုအခါ အချိန်ကျရောက်လာပါပြီ။ ပထမဆုံးလုပ်ဆောင်သင့်တာကတော့ ၁၉၈၈ ခုနှစ် ရခိုင့်တော်လှန်ရေးကို အိန္ဒိယအစိုးရက သစ္စာဖောက်တဲ့ လုပ်ရပ်ကို ဝန်ခံပြီး အတိတ်ကအမှားတွေကျေရာကျေကြောင်း ဖြစ်စေမယ့် ရက္ခိုင်လူထုနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ့် လမ်းကြောင်းသစ်တစ်ခုကို ဖန်တီးဖော်ဆောင်ခြင်းပါပဲ။

The Diplomat သတင်းပါ ဆောင်းပါးရှင် Kyaw Hsan Hlaing ၏ How India Betrayed the Rakhine People – And Why It Matters Today ကို ကျော်ဇံ ဘာသာပြန်ဆိုသည်။

အိန္ဒိယအစိုးရက ရက္ခိုင်လူထုကို သစ္စာဖောက်ခဲ့တာဟာ ဘာလို့ ယနေ့အထိ အရေးပါနေတာလဲ

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ