AB News – ဧပြီ ၂၊ ၂၀၂၄
အမ်း-ပဒါန်း ကာလမ်းအား အကန့်အသတ်မရှိ ပိတ်ထားလိုက်ပြီဖြစ်ကြောင်း ယနေ့ ဧပြီလ ၂ရက်နေ့တွင် ရက္ခိုင့်တပ်တော်က အရေးပေါ်ထုတ်ပြန်သည်။
ထုတ်ပြန်ချက်တွင် “ ယခုအခါ အများပြည်သူများသွားလာသည့် လမ်များထဲမှ ရက္ခိုင်ပြည်၊ အမ်းမြို့နှင့် မကွေးတိုင်းကို ဆက်သွယ်ထားသော ကားလမ်းများတွင် စစ်ကောင်စီသည် စစ်အင်အားတိုးချဲ့ခြင်း၊ တပ်ရွှေ့ပြောင်းခြင်း၊ ရိက္ခာနှင့် စစ်လက်နက်ခဲယမ်းများကို အရပ်သားကားများဖြင့် သယ်ဆောင်ခြင်း၊ လမ်းဘေးဝဲယာတစ်လျှောက် စွန့်လွှတ်မိုင်းများ ထောင်ထားခြင်းတို့ကို ပြုလုပ်လျက်ရှိသည့်အပြင် ဤကားလမ်းတစ်လျှောက်တွင် တိုက်ပွဲများ စတင်ဖြစ်ပွားလာပြီဖြစ်သောကြောင့် အမ်း-ပဒါန်း ကားလမ်းအား ရက္ခိုင့်တပ်တော်မှ အကန့်အသတ်မရှိ ပိတ်ထားလိုက်ပြီဖြစ်ပါကြောင်း အရေးပေါ်ထုတ်ပြန်ကြေညာ အပ်ပါသည်” ဟု ဖော်ပြထားသည်။
ရက္ခိုင်ဒေသအတွင်း ၂၀၂၃ ခုနှစ်၊နိုဝင်ဘာလ ၁၃ရက်နေ့မှ စတင်၍ ဖြစ်ပွားခဲ့သော တိုက်ပွဲများသည် ယနေ့အထိ ဆက်လက်ရှိနေပြီး စစ်အဟုန်သည်လည်း တစ်ရက်ထက်တစ်ရက် မြင့်တက်လျက်ရှိကြောင်း သိရှိရသည်။
ပြီးခဲ့သည့် မတ်လ ၂၆ ရက်နေ့မှ စ၍ ရက္ခိုင်ပြည်၊ အမ်း နှင့် မကွေးတိုင်းအကြားတွင် ဖက်ဆစ်အကြမ်းဖက် စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော်တို့ နှစ်ဖက်တိုက်ပွဲများဖြစ်ပွားခဲ့ပြီး ယနေ့အချိန်ထိ ဆက်လက်ဖြစ်ပွားလျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
နိုင်ငံအနှံ့ တော်လှန်ရေးလက်နက်ကိုင်အဖွဲ့အစည်းများအပေါ် စစ်ရေးအရ အရှုံးနှင့်ရင်ဆိုင်နေရသော စစ်ရှုံးစစ်ကောင်စီသည် စစ်ရေးတွင်သာမက သံတမန်ရေးမျက်နှာစာတွင်ပါ ဆက်တိုက်ရှုံးနိမ့်နေသည့်တိုင် ပြည်သူလူထုအပေါ် အကြမ်းဖက်သည့်လုပ်ရပ်၊ ပြည်သူကို ဦးတည်တိုက်ခိုက်သတ်ဖြတ်သည့် လုပ်ရပ်၊ စစ်ရာဇဝတ်ကျူးလွန်သည့်လုပ်ရပ်များကို ဆက်တိုက်ကျူးလွန်နေဆဲပင် ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
စစ်ကောင်စီသည် ပြည်သူလူထုအား စစ်မှုမထမ်းမနေရဥပဒေကို ခုတုံးလုပ်ပြီး လူသားဒိုင်းကာအဖြစ် အသုံးပြုခြင်းနှင့် ပြည်သူလူထုအတွင်းသို့ အကြောက်တရားများ ထိုးသွင်းခြင်းတို့ကို ဆက်တိုက်လုပ်ဆောင်လျက်ရှိသည်။
အမ်းမြို့မှာ ရက္ခိုင်ပြည်၏ နယ်စပ်ဒေသဖြစ်ပြီး အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တည်ရှိရာ နေရာလည်း ဖြစ်သည်။
Website
www.arakanbaynews.com
Facebook
https://www.facebook.com/arakanbaynewsinfo?mibextid=ZbWKwL