အကြမ်းဖက်စစ်ကောင်စီတပ်သည် ရခိုင်ပြည်တွင် ယခုရက်ပိုင်းအတွင်း ရပ်ရွာများအတွင်းသို့ လက်နက်ကြီးများဖြင့် တမင်တကာ ရည်ရွယ်ချက်ရှိရှိဖြင့် အရပ်သား ပြည်သူများအား ပစ်ခတ် တိုက်ခိုက်လျက်ရှိသည်။
ထိုသို့ ရပ်ရွာများအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခိုက်တိုက်ခိုက်နေခြင်းကြောင့် ယနေ့ အောက်တိုဘာ ၁၈ရက်နေ့ နံနက် ၁၀ နာရီခွဲခန့်က ရခိုင်ပြည်၊ ဘူးသီးတောင်မြို့နယ်၊ စိမ်းညှင်းပြားအုပ်စု၊ ဒိုင်းနက်ပြင်မူဆလင်ရွာအနီးလယ်ကွင်းတွင် ကျရောက်ပေါက်ကွဲမှုကြောင့် အသက် ၄၅ နှစ်အရွယ် မူဆလင်အမျိုးသားတစ်ဦး လက်နက်ကြီး ကျည်စထိမှန်ပြီး ပြင်းထန်ဒဏ်ရာ ရရှိခဲ့ရသည်။
ထိုလူနာအား ကျေးရွာသားများမှ စိမ်းညှင်းပြားဈေးသို့ ယူဆောင်လာစဥ် စိမ်းညှင်းပြား စာသင်ကျောင်းတွင် တပ်စွဲ နေထိုင်နေသည့် အကြမ်းဖက် စစ်ကောင်စီတပ်မှ တပ်သား ၁၀ ဦးထွက်လာပြီး ကျည်စထိမှန် ဒဏ်ရာရရှိထားသည့် ဦးအိနိုအား စာသင်ကျောင်းထဲသို့ ယူဆောင်သွားခဲ့ကြကြောင်း ရွာသားများကပြောသည်။
“ကျနော်တို့ရွာသားတွေ ကျည်စထိမှန်တဲ့သူကို စိမ်းညှင်းပြားဈေးသို့ ယူလာခဲ့တဲ့လမ်းမှာ စာသင်ကျောင်းမှာ စခန်းချနေတဲ့ စစ်ကောင်စီတပ်က ၁၀ ယောက်ထွက်လာပြီး လူနာကို ယူသွားကြတယ်” ဟု ရွာသားတစ်ဦးကဆိုသည်။
ဦးအိနို၏ ဒဏ်ရာမှာ ပြင်းထန်ပြီး ဆေးကုသမှုအမြန်ဆုံးခံယူရန် လိုအပ်ကြောင်း နောက်ထပ် ရွာသားတစ်ဦးကဆိုသည်။
ယမန်နေ့ အောက်တိုဘာ ၁၇ ရက်နေ့များကလည်း မင်းပြားမြို့နယ်တွင် ကျောင်းဆရာမ တစ်ဦးအပါအဝင်အမျိုးသမီး ၃ ဦးနှင့် အရပ်သား ကလေး၊ လူကြီး ၁၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြရပြီး ကျောက်တော်မြို့နယ်တွင်လည်း မူဆလင်အမျိုးသမီးတစ်ဦး အကြမ်းဖက်စစ်ကောင်စီတပ်၏ လက်နက်ကြီးကျည်စ ထိမှန်ပြီး သေဆုံးခဲ့ရသည်။