ABN- ရှိုင်းမိုး
ကျောက်တော်မြို့နယ် သရက်အုပ်စစ်ဘေးရှောင်စခန်းတွင် စစ်ဘေးရှောင်အသစ်များ စားနပ်ရိက္ခာ ထောက်ပံ့မှုအကူအညီ မရဘဲ ဖြစ်နေရပြီး၊ ရေကန်တွင် သောက်သုံးရေခမ်းခြောက်နေပြီဖြစ်သည့်အတွက်ကြောင့် စစ်ဘေးရှောင်များရေအခက်အခဲဖြစ်နေကြရသည်။
သရက်အုပ် စစ်ဘေးရှောင်စခန်းမှာ စခန်းအသစ်တစ်ခုဖြစ်ပြီး၊ စခန်းတည်ဆောက်ထားသည်မှာလည်း ၁ လကျော်ခန့်သာကြာမြင့်သေးသည့် စစ်ဘေးရှောင်စခန်းတခုဖြစ်သည်။
သရက်အုပ်စစ်ဘေးရှောင်စခန်းချထားသည့်နေရာသည် ကျောက်တော်မြို့နှင့် ၃မိုင်ကွာဝေးပြီး၊ စစ်ကောင်စီတပ်ရင်း ၅၃၉ ချခဲ့သည် နေရာဟောင်းဖြစ်ကာ ကားဖြင့် တိုက်ရိုက်သွား၍ရသည့်နေရာတစ်ခုလည်းဖြစ်သည်။
သရက်အုပ်စစ်ဘေးရှောင်စခန်းတွင် ကဝိရတနာစစ်ဘေးရှောင်စခန်းနှင့် သိမ်ပြင်စစ်ဘေးရှောင်စခန်းမှ ပြောင်းလာသော စစ်ဘေးရှောင် ဦးရေ ၁၀၀ ခန့်သာ စားနပ်ရိက္ခာ ရရှိပြီး ကျန်စစ်ဘေးရှောင်သစ် ၁၄၄၇ တို့မှာ ရိက္ခာအထောက်အပံ့ လုံးဝမရကြောင်း စခန်းတာဝန်ခံက ပြောသည်။
“ စစ်ဘေးရှောင်သစ်တွေမရပါဘူး၊ ကဝိရတနာစစ်ဘေးရှောင်စခန်းနဲ့ သိမ်ပြင်စစ်ဘေးရှောင်စခန်းက ပြောင်းလာကြတဲ့ စစ်ဘေးရှောင် ၁၀၀ လောက်ဘဲရပါတယ်၊ တခြားလူတွေမရပါဘူး” ဟု စစ်ဘေးရှောင်စခန်းတာဝန်ခံမှ ပြောသည်။
စစ်ဘေးရှောင်စခန်းမှ စစ်ဘေးရှောင်သစ်များကို WFPသို့ စာရင်းသွင်းထားသည်မှာ ၁ လကျော်မျှကြာနေပြီဖြစ်သော်လည်း စရင်းတင်ထားသည့် စစ်ဘေးရှောင်များအတွက် ရိက္ခာထောက်ပံ့မှုအကြောင်း ထူးခြားမှု မရှိသေးဟု စခန်းတာဝန်မခံက ဆက်ပြောသည်။
“စာရင်းသွင်းထားတာ ၁ ကျော်လောက်ရှိပါပြီ၊ ဒါပေမယ့် ဘာမှလည်း မသိရဘူး၊ အဲဒီ စာရင်း WFP ကို ရောက်မရောက်လည်း မသိရပါဘူး၊ တခြားစစ်ဘေးရှောင်စခန်းတွေမှာ ရတယ်လို့ပြောသံကြားတယ်၊ ဒါပေမယ့် ကျွန်တော်တို့စခန်းမှာ စစ်ဘေးရှောင်အသစ်တွေ မရပါဘူး” ဟု ဆက်ပြောသည်။
ထိုစစ်ဘေးရှောင်စခန်းတွင် စစ်ဘေးရှောင် အိမ်ခြေ ၃၆၀ နဲ့ လူဦးရေ ၁၅၄၇ဦးရှိကြောင်းသိရသည်။
စခန်းအတွင်း သောက်ရေကန် ၁ကန်ရှိပြီး၊ ထိုကန်တွင် ရေနောက်ကျိပြီး သောက်သုံးရန် လုံးဝအဆင်မပြေကြောင်းသိရသည်။
ထို့အပြင် ရေကန်တွင် ရေခမ်းခြောက်သွားမည်ကို စိုးရိမ်ကြသည့်အတွက် ချောင်းမှ ရေငန်ကို ပိုက်ဖြင့်သွယ်ကာ သုံးနေကြရကြောင်း ၎င်းကဆက်ပြောသည်။
“သောက်ရေကန်က ရေတအားနောက်ပါတယ်၊ သုံးရေကတော့ ရေငန်ပါ၊ ချောင်းကခတ်သုံးရပါတယ်၊ သောက်ရေကန်က ရေကို သုံးရေအဖြစ်သုံးလိုက်ရင်လည်း ရေကအမြန်ခမ်းသွားမှာ စိုးရိမ်လို့ ရေငန်ကိုဘဲ သုံးကြပါတယ်၊ ဒါပေမယ့် သောက်ရေကန်ကရေ တစ်နေ့ထက် တစ်နေ့ ခမ်းလာပါတယ်၊ အဲဒါကြောင့် ရေကိုလည်း ကျွန်တို့ စိတ်ပူနေရပါတယ်” ဟု တာဝန်ခံမှ ဆက်ပြောသည်။
သရက်အုပ် စစ်ဘေးရှောင်စခန်းတွင် သောက်သုံးရေ နည်းပါးလာပြီး၊ မသန့်ရှင်းသည့် ရေသုံးစွဲမှုကြောင့် ကလေးငယ်များတွင် ဘေးထွက်ဆိုးကျိုးများဖြစ်လာမည်ကို စစ်ဘေးရှောင်များ စိုးရိမ်နေကြရသည်။
ဓာတ်ပုံ-သရက်အုပ်စစ်ဘေးရှောင်စခန်းမှ ပို့ပေးသည်။


