ABN-ရှိုင်းမိုး
ရခိုင်ပြည် ရသေ့တောင်မြို့နယ် စေတီပြင်ရွာမှ မိုင်းနင်းမိ၍ ခြေထောက်တဖက် ပြတ်သွားခဲ့သည့် ဦးအောင်စံဌေး အား ဆေးကုသရန် ငွေကြေးအခက်အခဲရှိနေသဖြင့် အကူအညီလိုအပ်နေကြောင်း ဇနီးဖြစ်သူက ပြောသည်။
၎င်းမှာ ယမန်နေ့ မတ်လ ၁ ရက်နေ့ နံနက် ၉နာရီကျော်အချိန်တွင် မယူတောင်သို့ ဝါးခုတ်ရန်သွားစဥ် မိုင်းနင်းမိ၍ ဘယဖက်ခြေတစ်ဖက်ပြတ်သွားပြီး မျက်နှာအပါဝင် ညာခြေထောက်တစ်ဖက်တွင်လည်း အပြင်းအထန်ဒဏ်ရာများရရှိခဲ့သည်။
ထိုလူနာအား စစ်တွေဆေးရုံးတွင် ဆေးကူသမှုခံယူနေရပြီး၊ မိသားစုမှာ ဆင်းရဲနွမ်းပါးသောကြောင့် ဆေးကုသရန် ငွေကြေးမလုံလောက်ဖြစ်နေသည်ဟု ဦးအောင်စံဌေး၏ မိသားစုဝင်တစ်ဦးကပြောသည်။
“သူတို့မိသားစုက တအားဆင်းရဲပါတယ်၊ သူ့မှာ သားသမီး ၃ယောက်ရှိပါတယ်၊ သားသမီးတွေကလည်း ဘာမှမလုပ်တတ်သေးဘူး၊ အခုလည်း သူ့မယားမှာ ကိုယ်ဝန်ရှိပါတယ်၊ သူ့ကိုဆေးကုဖို့ပိုက်ဆံမရှိကြဘူး၊ သူ့မယားဘာမှလည်းမပြောနိုင်ဘူး၊ ထိုင်ပြီး ငိုနေတယ်” ဟုလူနာစောင့် မိသားစုဝင်တစ်ဦးကပြောသည်။
မိုင်းနှင့်ပတ်သက်ပြီး မိုင်းမရှင်းရသေးလျင်လည်း မိုင်းသတိပေး အချက်ပြ ထားကြောင်း ဒေသခံရခိုင်တစ်ဦးက ပြောသည်။
“သူတိုက တနေရာတည်းမှာ နေကြတာမဟုတ်ဘူး၊ နေရာတိုင်းမှာပတ်ပြီးနေကြတာ၊ ဒါပေမယ့် သူတို့က ပြည်သူတွေသွားနေကျနေရာတွေမှာ မိုင်းထောင်ထားတယ်၊ မိုင်းထောင်ထားတယ်ဆိုရင်လည်း အမှတ်သားတခုခုလုပ်ထားသင့်တယ်၊ မဟုတ်ရင်ပြည်သူတွေ အသက်တွေဆုံးရှုံရတယ်၊ ခြေပြတ်လက်ပြတ်သွားရင်မိသားစုတွေ ဒုက္ခရောက်ရတယ်၊ သူတို့ မိုင်းထောင်းထားတာ သူတို့အတွက် ရန်သူကိုကာကွယ်ပေးနေတာနဲ့မတူဘူး၊ ပြည်သူကိုဒုက္ခရောက်အောင်လုပ်နေတာနဲ့တူတယ်” ဟု ရခိုင်ပြည်သူတစ်ဦးက ဝေဖန်ပြောဆိုသည်။
ဦးအောင်စံဌေး မိုင်းနင်းမိသောနေရာအနီးတွင် စစ်ကောင်စီတပ်မှ တပ်စွဲနေထိုင်ကြသည်ဟု စေတီပြင်ရွာမှ ရွာသားတစ်ဦးပြောကြားချက်အရသိရသည်။


