
ABN-ထက်မြတ်ခင်
ရခိုင်ပြည် ရသေ့တောင်မြို့ စေတီတောင်အနောက်စစ်ဘေးရှောင်းစခန်းတွင် စစ်ဘေးရှောင်များ သောက်ရေရှားပါးမှုဒဏ်နဲ့ ကြုံနေရသည်ဟုသိရသည်။
၎င်းစစ်ဘေးရှောင်စခန်းတွင် လူဦးရေစုစုပေါင်း ၇၁၈ဦးနှင့် အိမ်ထောင်စု ၁၆၆ စုရှိကြောင်းသိရသည်။
စေတီတောင်အနောက် စစ်ဘေးရှောင်စခန်း အနီးအနားရှိ သောက်ရေကန်တွင်ရေခြောက်ခမ်းသွားသဖြင့် စစ်ဘေးရှောင်များ သောက်ရေကို ရသေ့တောင်မြို့ထဲရှိ ရွှေပါရမီကျောင်းအနီးသို့ မိနစ် ၃၀ခန့်ကြာ ခြေကျင်သွားကာ ခပ်ယူနေရပြီး ထိုကျောင်းတွင်လည်း ရေခပ်ရန် ကန်ကို ၂ချိန်သာဖွင့်ပေးကြောင်း စစ်ဘေးရှောင် ၁ ဦးက ABN ကိုပြောသည်။

“ကျမတို့ သောက်ရေတခါခပ်ဖို့သွားရင် နာရီခွဲလောက်ကြာပါတယ် တွန်းလှည်နဲ့လည်းမခပ်ရပါဘူး ရေကိုလည်း မနက် ၆နာရီက ၁၀နာရီအထိတစ်ချိန် ခွင့်ပြုပါတယ်။ ညနေဆိုရင် ၃နာရီက ၅နာရီတစ်ချိန်ထိခွင့်ပြုပါတယ်” ဟု ပြောသည်။
၎င်းစစ်ဘေးရှောင်စခန်းတွင် ပြီးခဲ့သည့်နှစ်များက ယခုနှစ်ကဲ့သို့ ရေရှားပါးမှုရှိခဲ့သော်လည်း ICRC မှအထောက်အပံ့များရရှိခဲ့ပြီး ယခုနှစ်တွင်မရရှိကြောင်း စစ်ဘေးရှောင်စခန်းတာဝန်ခံ ဦးထွန်းအေးမောင်၏ဇနီးဖြစ်သူကပြောသည်။
“ပြီးခဲ့တဲ့နှစ်ကလည်း ကျမတို့စခန်းမှာ ရေအခက်အခဲတွေရှိပါတယ် ဒါပေမဲ့ ICRC က ကျမတို့စခန်းကို တစ်ရက်ကိုရေ ၁ ဗူးကျပေးပါတယ် ဒီနှစ်တော့ မပေးပါ” ဟု ပြောသည်။
ထိုစစ်ဘေးရှောင်စခန်းတွင် နေထိုင်သူအများစုမှာ ထီးစွဲ၊ ကျောက်တန်းနှင့် အမြင့်တောင်တို့မှဖြစ်ပြီး ၎င်းတို့မှာ စစ်ဘေးရှောင်စခန်းတွင်နေထိုင်လာခဲ့သည်မှာ ၄နှစ်ရှိပြီဖြစ်ကြောင်းသိရသည်။
