သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရသေ့တောင်နယ်မှ ကျောင်းဆရာမ ဒေါ်နှင်းယုနွယ် သတ်ဖြတ်ခံရမှုတွင် အဓိက တရားခံ တစ်ဦးထွက်ပြေး လွတ်မြောက်နေကြောင်း AA ပြော

AB News-ဟိန်းထွန်း

စက်တင်ဘာ -၂၃ ရက်

ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ်တွင် စာပြရန်သွားခဲ့သည့်လမ်း၌ ဒေါ်နှင်းယုနွယ် သတ်ဖြတ်ခံရမှုတွင် အဓိကတရားခံ တစ်ဦးထွက်ပြေး လွတ်မြောက်နေကြောင်း ရက္ခိုင့်တပ်တော် AA က ယနေ့တွင် ပြောဆိုသည်။

ထွက်ပြေးလွတ်မြောက်နေသည့် အဓိက သံသယတရားခံမှာ တစ်ရွာတည်းဖြစ်သော အဖ ဦးကြိုင်လှအောင်၏သား အသက် ၄၁ နှစ်အရွယ် ဦးမောင်မောင်အေး ဖြစ်ကြောင်း သိရသည်။

လက်ရှိကိုင်တွယ်နေသည့်အမှုကို ၁၇ ရက်နေ့ကပင် စုံစမ်းစစ်ဆေးခဲ့သည်။ အဓိက သံသယရှိသူ ၂ ဦး၊ ဆက်စပ်သံသယရှိသူတစ်ဦးနှင့် ဆရာမနှင်းယုနွယ် အသတ်ခံထားရသည့် သေဆုံးနေသောအလောင်းကို မျက်မြင်စတင်တွေ့ရှိသူ သက်သေ ၆ ယောက် ကို စုံစမ်းစစ်ဆေးမှု ပြုလုပ်ခဲ့သည်။ ၎င်းစစ်ဆေးနေမှုအတွင်း အဓိကသံသယရှိသူ ၂ယောက်ထဲမှ မောင်မောင်အေးဆိုသူသည် စက်တင်ဘာလ ၁၉ ရက်နေ့ ညဥ့် ၉ နာ ရီခွဲတွင် ထွက်ပြေးလွတ်မြောက်သွားကြောင်း ULA/AA ၏ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခက ABN သို့ ပြောသည်။

“​ဒီအမှုကို ၁၇ ရက်နေ့ကပင်စလို့ စုံစမ်းစစ်ဆေးနေပါတယ်၊ အဓိက သံယရှိသူ ၂ ယောက်၊ ဆက်စပ်သံသယရှိသူ ၁ ယောက်၊ ဆရာမနှင်းယုနွယ် အသတ်ခံထားရတဲ့ သေဆုံးနေတဲ့ အလောင်း

ကိုမျက်မြင်စတင်တွေ့ရှိသူ သက်သေ ၆ ယောက်ကို ကျနော်တို့ဖက်ကနေပြီး မေးမြန်းစစ်ဆေးနေတာတွေရှိပါတယ်၊ အဲ့ဒီကြားက အဓိက သံသယရှိသူ ၂ ယောက်ထဲက မောင်မောင်အေးဆိုတဲ့ လူ တစ်ယောက်ဟာ စက်တင်ဘာလ ၁၉ ရက်နေ့ ညဥ့်မှာ ထွက်ပြေးလွတ်မြောက် သွားတယ်” ဟု ဆိုသည်။

ရက္ခိုင့်တပ်တော်မှ စုံစမ်းစစ်ဆေးနေဆဲ ကာလအတွင်း မုဒိန်းကျင့်ခံရမှု ရှိ/မရှိဆိုသည်ကို လက်ရှိအချိန်ထိ အတည်ပြုနိုင်ဖို့ အတိအကျပြောလို့မရသေးကြောင်း ဦးခိုင်သုခက ဆက်ပြောသည်။

ထွက်ပြေးလွတ်မြောက်နေသည့် အဓိကသံသယတရားခံကို ဖမ်းဆီးနိုင်ဖို့ လုံခြုံရေးတပ်ဖွဲ့ဝင်များ ဆက်လက်ကြိုးစားလုပ်ဆောင်နေကြောင်း သိရသည်။

သူမအသတ်ခံခဲ့ရသည့် အမှုတွင် အဓိကတရားခံအစစ် အမှန်ပေါ်ပေါက်ရန်အတွက် ULA/AA မှ အစွမ်းကုန်ကြိုးစားလုပ်ဆောင် နေကြောင်း ဦးခိုင်သုခက ဆက်၍ပြောသည်။

“ဆရာမနှင်းယုနွယ်အသတ်ခံရတဲ့အမှုမှာ အဓိကတရားခံအစစ်အမှန် ပေါ်ပေါက်ဖို့အတွက် ကျနော်တို့ ULA/AA ကအစွမ်းကုန်ကြိုးစားလုပ်ဆောင်နေတယ် ဆိုတာကို ပြောကြားလိုတယ်” ဟု ဆိုသည်။

အလယ်တန်းပြဆရာမ ဒေါ်နှင်းယုနွယ်သည် စက်တင်ဘာလ ၁၆ ရက်နေ့ မနက်ပိုင်း ၉ နာရီခွဲတွင် သူမ၏နေအိမ်ကနေပြီး တာဝန်ကျရာဖြစ်သည့် ပန်းဖော်ပြင်ကျောင်းသို့ စာသင်ပြရာလမ်းတွင် အမည်မသိလူတစ်စု၏ လည်လှီးသတ်ဖြတ်မှုကိုခံခဲ့ရသည်။

ဓာတ်ပုံ-ဆရာမ ဒေါ်နှင်းယုနွယ်သတ်ဖြတ်ခံရသည့်အမှုတွင် AA ပြောသည့် အဓိကတရားခံတစ်ဦးဖြစ်သည့် ဦးမောင်မောင်အေး

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ