
AB News – ဧပြီ ၂၈ ၊ ၂၀၂၅
ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ အကြံပေးပုဂ္ဂိုလ် Md Touhid Hossain က ဘင်္ဂလားဒေ့ရှ်နိုင်ငံမှတစ်ဆင့် ရက္ခိုင်ပြည်သို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးပို့နိုင်ရန် ကုလသမဂ္ဂ၏ စင်္ကြံတစ်ခု တည်ဆောက်ရေး အဆိုပြုချက်ကို ဘင်္ဂလားဒေ့ရှ်အစိုးရက သဘောတူညီကြောင်း Dhaka Tribune သတင်းဌာနတွင် ဖော်ပြသည်။
“ကုလသမဂ္ဂရဲ့ အကြံပြုချက်အရ ဘင်္ဂလားဒေ့ရှ်ဟာ ရက္ခိုင်ပြည်ကို လူသားချင်းစာနာမှုဆိုင်ရာ စင်္ကြံတစ်ခု ခွင့်ပြုဖို့ သဘောတူပါတယ်။ ဒါဟာ လူသားချင်းစာနာမှုဆိုင်ရာ လမ်းကြောင်းတစ်ခု ဖြစ်လာမယ်လို့ ကျနော် ယုံကြည်ပါတယ်” ဟု ၎င်းက ဆိုသည်။
မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေသော ပဋိပက္ခများသည် ဘင်္ဂလားဒေ့ရှ်၏ အကျိုးစီးပွားအပေါ် သက်ရောက်မှုရှိကြောင်း Mr. Touhid က ထောက်ပြခဲ့ပြီး မြန်မာနိုင်ငံမှ များပြားသော ဒုက္ခသည်များသည် ဘင်္ဂလားဒေ့ရှ်သို့ ဝင်ရောက်ခိုလှုံခဲ့ကြရကြောင်း၊ ၎င်းတို့အား နေရပ်သို့ ပြန်လည်ပို့ဆောင်ရန် ဘင်္ဂလားဒေ့ရှ်အစိုးရက ဆန္ဒရှိကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။
“လက်ရှိမှာ နယ်စပ်ဒေသတစ်ခုလုံးဟာ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတစ်ခုရဲ့ ထိန်းချုပ်မှုအောက်မှာ ရောက်ရှိနေပါတယ်။ အဲဒီမှာ မြန်မာနိုင်ငံ ဗဟိုအစိုးရရဲ့ ထိန်းချုပ်မှု မရှိပါဘူး။ ဒါကြောင့် ကျနော်တို့ရဲ့ အကျိုးစီးပွားအတွက် စိုးရိမ်စရာဖြစ်ပြီး အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေနဲ့ တရားဝင် ဆက်သွယ်လို့ မရပေမယ့် သူတို့နဲ့ လုံးဝ အဆက်အသွယ် မပြတ်တောက်ဖို့လည်း မဖြစ်နိုင်ပါဘူး” ဟု ဆက်လက်ပြောကြားခဲ့သည်။
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် António Guterres သည် မတ်လ ၁၃ ရက်နှင့် ၁၆ ရက်တို့တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ လာရောက်စဉ် ဘင်္ဂလားဒေ့ရှ်ရောက် မူဆလင်ဒုက္ခသည်များ၏ နေရပ်ပြန်ရေးနှင့် လူသားချင်းစာနာမှု အကူအညီပေးရေး ကိစ္စရပ်များအတွက် ရက္ခိုင့်တပ်တော် (AA) နှင့် တွေ့ဆုံဆွေးနွေးရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။
ထို့ပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှတစ်ဆင့် ရက္ခိုင်ပြည်သို့ လူသားချင်းစာနာမှု အကူအညီပေးရေး လမ်းကြောင်းသစ်တစ်ခု ဖွင့်လှစ်သင့်ကြောင်းလည်း အလေးအနက် တိုက်တွန်းခဲ့သည်။
ယခင်က မတ်လ ၁၂ ရက်နေ့တွင်လည်း Fortify Rights လူ့အခွင့်အရေးအဖွဲ့က ရက္ခိုင်ပြည်မှ စစ်ဘေးရှောင်ပြည်သူများထံ အကူအညီများ သွားရောက်နိုင်ရန် နယ်စပ်ဖြတ်ကျော် လူသားချင်းစာနာမှု အကူအညီပေးရေး စင်္ကြံတစ်ခု ဖန်တီးရန် ဘင်္ဂလားဒေ့ရှ်အစိုးရနှင့် ရက္ခိုင့်တပ်တော် (AA) တို့ကို တိုက်တွန်းခဲ့သည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ အကြီးအကဲ မိုဟာမက် ယူနွတ်စ်ကလည်း လာမည့် ၂၀၂၆ ခုနှစ်အတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ မူဆလင်ဒုက္ခသည်များကို ရက္ခိုင်ပြည်သို့ ပြန်လည်ပို့ဆောင်သွားမည်ဖြစ်ကြောင်း မတ်လ ၁၇ ရက်နေ့တွင် ပြောကြားထားသည်။