ABN-ရှိုင်းမိုး
ရခိုင်ပြည် မြောက်ဦးမြို့တွင် သောက်သုံးရေ ပြတ်လပ်မှုကြုံလာနေရသောကြောင့် ရှေးဟောင်းရေတွင်းများကို ပြန်လည်တူးဖော်နေသည်ဟုသိရသည်။
လက်ရှိတွင် ရှေ့ဟောင်းရေတွင်း ၂တွင်းနှင့် လက်ဆည်ကန်အနီးရှိ ရေခမ်းနေသည့် ကန်ကိုပြန်လည်တူးဖော်နေကြသည်ဟု မြောက်ဦးမြို့ခံ ကိုခိုင်မင်းသျှင်ကပြောသည်။
“ရှေးဟောင်းရေတွင်းတွေ တူးနေကြတာတော့အများကြီးရှိတယ်၊ ဒါပေမယ့် ကျွန်တော်တွေ့တာတော့ ၂တွင်းတူးနေကြတာကိုတွေ့ပါတယ်၊ ပြီးတော့ လက်ဆည်ကန်အနီးက ကန်ကိုလည်းပြန်ပြီးတူးနေကြပါတယ်” ဟု ပြောသည်။
ထိုရှေးဟောင်း ရေတွင်းများမှာ ကျောက်တုံးများဖြင့် ပြုလုပ်ထားသည့် ရေတွင်းများ ဖြစ်သည်ကို တွေ့ရသည်။
မြောက်ဦးမြို့ကို အဓိက ရေပေးဝေသည့် လက်ဆည်ကန်မှာ ခမ်းခြောက်လာနေပြီဖြစ်သည့်အတွက် နေ့စဥ်ရေပေးဝေခြင်းဘဲ ရက်အကန့်အသတ်ဖြင့်သာ ရေပေးဝေနေရသည်ကိုတွေ့ရသည်။
မြောက်ဦးတွင်ရှေ့ဟောင်းရေတွင်းများကိုတူးဖော်မှုနှင့်ပတ်သက်၍ မြောက်ဦးရှေး/သုဌာနသို့ ABN သတင်းဌာနမှ ဖုန်းဆက်သွယ် မေးမြန်းသော်လည်း ဖုန်းလက်ခံဖြေဆိုခြင်းမရှိသေးပေ။
ဓာတ်ပုံ-ခိုင်မင်းသျှင်