
ABN-ရှိုင်းမိုး
မြောက်ဦးမြို့တွင် အနူမ ရေကန်မှရေကို ရေခမ်းခြောက်နေသည့် လက်ဆည်ကန်သို့ ရေဖြည့်သော်လည်း ရေသုံးစွဲရန်အဆင်မပြေကြောင်း သိရသည်။
လက်ဆည်ကန်မှရေသည် လွန်ခဲ့သည့် ၁လကျော်ခန့်က ရေခမ်းခြောက်သွားသောကြောင့် မြောက်ဦးဒေသခံများရေအခက်ခဲဖြစ်နေကြရသည်။
“အနူမကန်က ရေကို လက်ဆည်ကန်ကိုသွင်းပါတယ်၊ ဒါပေမယ့် ရေကသုံးလို့ အဆင်မပြေပါဘူး၊ အနံ့က ရွံ့နံ့ရပါတယ်၊ အဲဒီရေကိုသုံးရင်လည်း ကျန်းမာရေးအဆင်ပြေမှာမဟုတ်ပါဘူး” ဟု မြောက်ဦးမြို့ ဒေသခံ ဒေါ်စန္ဒာကပြောသည်။
မြောက်ဦးလက်ဆေးကန်ကြီးထဲတွင် ရေရရှိရန်အတွက် တွင်းများတူးဖော်ထားကြသော်လည်း ထိုရေတွင်းမှရေရရှိမှုမရှိကြောင်းသိရသည် ထို့အပြင် နေအိမ်ခြံဝန်းအတွင်းတွင် အဝီစိ စက်ရေတွင်းတူးရန်လည်း ရေထွက်မှုမရှိဟုပြောသည်။
“လက်ဆည်ကန်ထဲမှာ တွင်းတွေတူးထားတာတော့တွေ့ပါတယ်၊ ဒါပေမယ့် အဲဒီတွင်းတွေမှာ ရေထွက်နေတာကိုမတွေခဲ့ပါဘူး၊ သူတို့လည်းရေထွက်ဖို့အထင်နှင့် တူးထားတာထင်တယ်၊ အိမ်အနီးမှာ အဝီစိတွင်းတူးလို့လည်းအဆင်မပြေပါဘူး၊ ဘာလို့လည်းဆိုတော့ ရေမထွက်ပါဘူး” ဟုပြောသည်။
မြောက်ဦးမြို့သူ၊ မြို့သားများသည် မြောက်ဦးမြို့အောင်မင်္ဂလာဘုန်းကြီးကျောင်းရေကန်မှ ရေကိုခပ်သောက်နေကြရပြီး၊ တချို့မှာ ရေဝယ်ပြီးသုံးနေကြရသည်ဟုသိရသည်။
မြောက်ဦးတွင်ရေအခက်အခဲကြောင့် ဟိုတည်နှင့် တည်းခိုခန်းလုပ်ငန်းများကိုရပ်နားထားကြရပြီ ရေရရှိရေးအတွက် မြောက်ဦးရှေ့ဟောင်းကျောက်ရေတွင်းများကိုလည်း ပြန်လည်တူးဖော်နေကြသည်ဟု သိရသည်။


