AB News-ဖေဖော်ဝါရီ ၇၊ ၂၀၂၄
တိုက်ပွဲကာလအတွင်း မပေါက်ကွဲဘဲ ကျန်ရှိနေခဲ့သည့် မြေမြှပ်မိုင်း၊ စွန့်လွှတ်မိုင်းနှင့် စစ်လက်နက်အကြွင်းအကျန်ပစ္စည်းများအား ညီနောင်သုံးဖွဲ့က ရှင်းလင်းနေပြီဖြစ်ရာ မိုင်းရှင်းလင်းရေးကိရိယာများ အရေးတကြီးလိုအပ်နေကြောင်းပြောသည်။
တိုက်ခိုက်သိမ်းပိုက်ရရှိထားသည့် ဒေသများအတွင်း အုပ်ချုပ်ရေးများ စတင်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး၊ ပြည်သူများ၏ အသက်နှင့် စိတ်ပိုင်းဆိုင်ရာ လုံခြုံရေးရှိစေရန် မိုင်းရှင်းလင်းရေးကို ဦးစားပေးလုပ်ဆောင်လျက်ရှိကြောင်းဆိုသည်။
ထုတ်ပြန်ချက်တွင် “ပြည်သူလူထု၏ အသက်နှင့် စိတ်ပိုင်းဆိုင်ရာလုံခြုံရေးတို့ကို ဦးစားပေး၍ တိုက်ပွဲကာလအတွင်း မပေါက်ကွဲဘဲ ကျန်ရှိနေသေးသည့် မြေမြှုပ်မိုင်း၊ စွန့်လွှတ်မိုင်းနှင့် စစ်လက်နက်အကြွင်းအကျန်ပစ္စည်းများ ရှင်းလင်းရေးအတွက် နယ်မြေရှင်းလင်းရေးလုပ်ငန်းများကိုလည်း စနစ်တကျဖော်ဆောင် လျက်ရှိသည်။
မြေမြှုပ်မိုင်းရှင်းလင်းရေးနှင့်ပတ်သက်၍ မိုင်းရှင်းလင်းရေးကိရိယာများ အရေးတကြီးလိုအပ်လျက်ရှိနေပါ၍ မြေမြှုပ်မိုင်းနှင့်ပတ်သက်၍ ကူညီပေးလိုသောသူများသည် မိမိတို့ထံဆက်သွယ်ပြီး နည်းပညာ၊ ကိရိယာများ ကူညီပေးနိုင်ပါကြောင်း လေးစားစွာဖြင့် အသိပေးအပ်ပါသည်” ဟုပြောထားသည်။
စစ်ကောင်စီအဖွဲ့ ထောင်ထားခဲ့သည့် မြေမြှပ်မိုင်းများကို တော်လှန်ရေးအဖွဲ့အစည်းများသည်အကာအကွယ် ကိရိယာ တစ်စုံတစ်ရာ မပါရှိဘဲ မိုင်းများကို ရှင်းလင်းနေရသည်ကို ABN ကတွေ့ရသည်။
စစ်ကောင်စီအဖွဲ့ အခြေချနေထိုင်ခဲ့သည့် နေရာများ၊ စခန်းစွန့်ထွက်ပြေးခဲ့သည့်နေရာများ၊ တိုက်ပွဲ ဖြစ်ပွားခဲ့သော နေရာများသို့ ပြည်သူများအနေဖြင့် သွားရောက်ရန် လုံးဝ မသင့်ပေ။
ထို့အပြင် စစ်ကြွင်း စစ်ကျန် ပစ္စည်းများကိုလည်း ကောက်ယူ စူးစမ်းခြင်း၊ မီးရှို့ခြင်း၊ ရိုက်ထုခြင်းများ ပြုလုပ်ခြင်းများမှ ရှောင်းရှားကြရန်လည်း အရေးကြီးသည်။
Website
www.arakanbaynews.com
Facebook
https://www.facebook.com/arakanbaynewsinfo?mibextid=ZbWKwL
ဓာတ်ပုံ-စစ်ကြွင်းကျန်လက်နက်အစအနများအား ရက္ခိုင်ဒေသခံရွာသားအချို့ ကောက်ယူစုထားသည်ကိုတွေ့ရစဥ်/ABN