သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မာန်အောင်တွင် ကင်းလှည့်သည့် စစ်ကောင်စီတပ်ဖွဲ့များ ရက္ခိုင့်အောင်လံတံဆိပ်ပါ ရွာဆိုင်းဘုတ်အား ဖျက်ဆီး

AB News-နိုဝင်ဘာ ၁၉၊ ၂၀၂၃

ရက္ခိုင်ပြည် မာန်အောင်မြို့နယ်တွင် နိုဝင်ဘာလ ၁၇ ရက်နေ့ညည့်က ကင်းလှည့်သည့် စစ်ကောင်စီတပ်ဖွဲ့များ ရက္ခိုင့်အောင်လံတံဆိပ်ပါ ရွာအဝင်ဆိုင်းဘုတ်အား ဖြိုချ ဖျက်ဆီးခဲ့ကြောင်း သိရသည်။

မာန်အောင်မြို့အနီး ဇလပ်ပြင်ရွာမှ ရက္ခိုင့်အောင်လံတံဆိပ်ပါ ရွာအဝင်ဆိုင်းဘုတ်အား ရဲယူနီဖောင်းဝတ် စစ်ကောင်စီတပ်ဖွဲ့ ၂၀ ခန့်က ညည့်အချိန် ကင်းလှည့်စဥ် ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက AB News သို့ပြောသည်။

“ကျနော်တို့ ရွာဆိုင်းဘုတ် ဖြိုချခံထားရတာ မိုးလင်းမှ သိပါတယ်။ ညတုန်းက သူတို့(စကစစစ်သားများ) ကင်းလှည့်နေတာနဲ့ ရွာသားတွေ တစ်ယောက်မှ အပြင်သို့မထွက်ဝံ့ကြဘူး။ ဘယ်သူမှလည်း မကောက်ဝံ့ကြဘူး” ဟုဆိုသည်။

ယင်းနေ့ နိုဝင်ဘာ ၁၇ ရက်နေ့ည ၉ နာရီကျော်ခန့်က ထိုကင်းလှည့်သည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ခန့်သည် ကျေးရွာ ဥက္ကဌအိမ်သို့ ဝင်ခဲ့ကြကြောင်း သိရသည်။

ရွာဥက္ကဌကမူ လေတိုက်၍ ပြိုကျသွားခြင်းဖြစ်နိုင်သည်ဟု ပြောသည်။

ဆိုင်းဘုတ်တွင်ပါရှိသည့် ဗျာလရုပ်ထု ၂ ရုပ်နှင့် ရက္ခိုင့်အောင်လံတံဆိပ်တို့မှာ ရိုက်နှက်ဖြိုထု၍ ပြိုကျသွားသည့် ပုံစံဖြစ်ကြောင်း ရွာသားများက ပြောသည်။

ထိုရွာဆိုင်းဘုတ်မှာ ပြီးခဲ့သည့် ၁၇ နှစ်ခန့်က ရွာကျောင်းထိုင်ဆရာတော်မှ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မာန်အောင်ကျွန်းတွင် ရက္ခိုင့်တပ်တော်ကလည်း အမျိုးသားရေးလှုပ်ရှားမှု၊ စစ်ရေးလှုပ်ရှားမှု မရှိသည်မှာ ၂ နှစ်ခန့်ရှိနေပြီဖြစ်သည့်အတွက် ထိုသည့် ရက္ခိုင့်သင်္ကေတ ရက္ခိုင့်အောင်လံအား ဖြိုဖျက်ခြင်း မလုပ်သင့်ကြောင်း မာန်အောင်မြို့မြို့မှ အမည်မဖော်လိုသည့် နိုင်ငံရေးသမားတစ်ဦးက ပြောသည်။

“အမျိုးသားရေးလက္ခဏာဖြစ်တဲ့အရာတွေကို အစိုးရဆိုတဲ့သူတွေက ဖျက်ဆီးတာမျိုးမလုပ်သင့်ဘူး။ အေအေကလည်း ဒီဖက်မှာ အာဏာသိမ်းပြီးကတည်းက လှုပ်ရှားမှုမရှိဘူး” ဟုဆိုသည်။

ထို့အပြင် ရမ်းဗြဲမြို့ အင်းတောင်ရပ်တွင် ယမန်နေ့ နိုဝင်ဘာ ၁၈ ရက်မေ့ ညနေပိုင်း ၇ နာရီ ၁၅ မိနစ်ခန့်က လမ်းလျှောက်နေသည့် လူငယ်များ ကင်းလှည့်နေသော စစ်ကောင်စီအဖွဲ့အား မြင်၍ ထွက်ပြေးရာ လက်နက်ငယ်များဖြင့် လိုက်ပစ်သည်ဟု သိရပြီး၊ ဒဏ်ရာရရှိမှု မရှိခဲ့ကြောင်း သိရသည်။

မာန်အောင်မြို့တွင်ရှိသည့် နယ်မြေရဲစခန်းမှ ရဲသားများ ထွက်ပြေးသွားပြီးနောက် စစ်ကောင်စီစစ်သား ၆၀ ကျော်ခန့်သည် ရဲဝတ်ဟုံများဝတ်ကာ နေရာယူထားကြောင်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်