ရခိုင်ပြည် မင်းပြားမြို့နယ် ရွာ ၂ ရွာတွင် ယနေ့ နံနက် ၉ နာရီဝန်းကျင်က စစ်ကောင်စီတပ်မှ ကြည်း၊ ရေ၊ လေ အားအင်သုံးပြီး လက်နက်ကြီး ပစ်ခတ်မှုကြောင့် လူနေအိမ်များထဲသို့ကျရောက်ပြီးနွား ၁ ကောင်သေဆုံး၊ ၂ ကောင် ဒဏ်ရာရပြီး လူနေအိမ်ခေါင်မိုး၊ အိမ်ထရံ နှင့် အိမ်သုံးပစ္စည်းအချို့ ထိခိုက်ပျက်စီးခဲ့ရကြောင်း စုံစမ်းသိရှိရသည်။
နိုဝင်ဘာလ ၈ ရက် မနက် ၉ နာရီကျော်အချိန်ခန့်တွင်စစ်ကောင်စီမှ ပစ်ခတ်လိုက်သော လက်နက်ကြီးကြောင့် မင်းပြားမြိုနယ် ကျားပိုက်ကေ ရွာမှ ဦးလှပြည့်ကြီးပိုင်ဆိုင်သည့် နွား ၁ ကောင်မှာ သေဆုံးပြီး ဦးအောင်ထွန်းကျော်၏ နွား ၂ ဒဏ်ရာပြင်းထန်းရရှိခဲ့သည်။
ထို့အပြင် ကျားရဲပြင်ရွာမှ ဦးကျော်လှဖြူနေအိမ်နှင့် ဦးမောင်ထွန်းဝင်း နေအိမ်တို့ကို ကျရောက်၍ အိမ်သုံးပစ္စည်းများဖြစ်သော သွပ်ရေအိုး ၂ လုံး၊ ရေဗူးကြီး တစ်လုံး နှင့် အိမ်ထရံများ ကျည်ကျပျက်စီးသွားသည်။
” နေဗီကနေလှမ်းပစ်တာပါ အိမ်ထဲက ရေအိုး၊ ရေဗူးကြီးတွေကိုကျပါတယ်၊ ခြံနားကိုလည်းကျပါတယ် လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ရွာဖက်ကို အဆက်မပြတ်ပစ်ပါတယ်” ဟု ရွာသားတဦးမှပြောသည်။
ဦးမောင်ထွန်းဝင်း၏ နေအိမ်ကို ကျည် ၄ လုံးကျရောက်ခဲ့ပြီး အိမ်ထရံများ ပျက်စီးခဲ့ကြောင်း ရွာသားများက ABN ကိုပြောသည်။
၎င်းအပြင် စက္ကရေရွာမှ အုပ်ချုပ်ရေးမှူး ဦးမောင်မြင့်ချေ ၏ နေအိမ်ကိုလည်း ကျည်ကျပြီး အိမ်တိုင်၊ ထိုင်ခုံ၊ အိမ်ထရံများ ပျက်စီဂခဲ့ရသည်ဟု သိရသည်။
လက်နက်ကြီးများ ပစ်ခတ်နေချိန် ကျေးရွာသားများမှာ ဗုံးခိုကျင်းများတွင် ဝင်ရောက် ခိုလှုံနေခဲ့ကြ၍ ဒဏ်ရာရှိခြင်း မရှိခဲ့ပေ။
ရပ်ရွာများအတွင်းသို့ ပစ်ခတ် တိုက်ခိုက်ခဲ့သော စကစနေဗီမှာ မနက် ၁၀ နာရီ ၁၅ မိနစ်တွင် မင်းပြားမြို့ မင်းဘာကြီးရပ်ကွက်ရှိ ဆိပ်ခံ တံတားသို့ ရောက်ရှိခဲ့ပြီး ပြန်လည် ထွက်ခွါသွားကြာင်း သိရသည်။
ယနေ့မနက် စကစ တိုက်ခိုက်မှုတွင် နေဗီ ၂ စီး၊ MI-17 ရုရှားထုတ် စစ်လေယာဥ် ၁ စီးနှင့် မယ်တော်တောင်တန်းရှိ စကခ (၉) လက်အောက်ခံ ခမရ (၅၄၁) တပ်ရင်းမှ လက်နက်ကြီးများဖြင့် ကြပ်စင်တောင်တန်းနှင့် အနီးနားရှိ ရွက်များဖက်သို့ ပစ်ခတ်လျက်ရှိနေခဲ့သည်။









