ABN-ကိုဟိန်းထွန်း
ဇွန် ၁၃ ရက်
ရခိုင်ပြည်၊ မင်းပြားမြို့နယ် မြေပုံလမ်းမကြီးတွင်ကားကိုရှောင်ရာမှ ဆိုင်ကယ်မှောက်သွား၍ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသခံတစ်ဦးက ABN သို့သတင်းပေးပို့လာခဲ့သည်။
ဒဏ်ရရှိခဲ့သူမှာ မင်းပြားမြို့နယ် ခေါင်းလောင်းချောင်းရွာမှ မောင်ကိုဉာဏ်ထွန်း ဖြစ်သည်။
၎င်းမှာ ယနေ့ နေ့လယ် ၁၂ နာရီတွင် မင်းပြားမှ သစ်ပုတ်တောင်ဖက်သို့ ဆိုင်ကယ်ဖြင့်သွားခဲ့ရာ ကားကိုရှောင်ရာမှ ကွန်ကရစ်လမ်းမှ ချော်ဆင်းသွားပြီး ပြန်တက်ရာတွင် မှောက်သွားခဲ့ကြောင်း မျက်မြင်သက်သေတစ်ဦးက ABN သို့ပြောသည်။
“၁၂ နာရီလောက်မှာပါ၊ မင်းပြားဖက်ကနေပြီးသစ်ပုတ်တောင်ဖက်ကို သွားပါတယ်၊ အဲ့ဖက်ကလာတဲ့ကားကို ရှောင်ရာမှာ ကွန်ကရစ်လမ်းမပေါ်ကချော်ကျသွားတယ်၊ ပြန်တက်တဲ့အခါမှောက်သွားပါတယ်” ဟု ဆိုသည်။
ဆိုင်ကယ်မှောက်၍ ဒူး၊တံတောင်ဆစ် နှင့် ခြေဖဝါးများတွင်ပွန်းပဲ့ဒဏ်ရာများရရှိခဲ့ကြောင်းသိရသည်။
နွားကျောင်းနေသည့်အမျိုးသမီးတစ်ဦးနှင့် ဒေသခံပြည်သူများက ၎င်းကိုပြန်လည်ထူပေးခဲ့ပြီး သစ်ပုတ်တောင် ဆေးခန်းသို့ပို့လိုက်ကြောင်း ၎င်းမှဆက်၍ပြောသည်။
“နွားကျောင်းနေတဲ့အမျိုးသမီးနဲ့ ရွာသားတွေလာပြီးထူကြတယ်၊ သစ်ပုတ်တောင်ဆေးခန်းကို ပို့လိုက်ပါတယ်” ဟုဆိုသည်။
လက်ရှိတွင် ၎င်း၏ဆိုင်ကယ်ကိုထားခဲ့ပြီး သစ်ပုတ်တောင်ဆေးခန်းတွင်ဆေးကုသမှုခံယူလျက်ရှိကြောင်းသိရသည်။