AB News-ဟိန်းထွန်း
စက်တင်ဘာ ၁၇ ရက်
ရခိုင်ပြည် ဘူးသီးတောင်မြို့နယ် ဒိုးဝေရွာတွင် အမျိုးသမီးတစ်ဦးသည် ယနေ့ မနက်ပိုင်း ၁၀နာရီခန့်က ချောင်းတစ်ဖက်ကမ်းသို့ ဟင်းခူးရန်နှင့် ပက်ကျီးကောက်ရန်သွားရာလမ်းတွင်ရေနစ်သေဆုံးသွားခဲ့ကြောင်း သတင်းရရှိသည်။
ရေနစ်သေဆုံးသွားခဲ့သူမှာ ဒိုးဝေကျေးရွာမှ အဖ ဦးမောင်ဖြူသိန်း၏သမီး အသက် ၅၀ အရွယ် ဒေါ်အေးစိန်ဖြူဖြစ်သည်။
သူမသည် ပေတစ်ရာခန့်ရှိသော အိုးသည်မချောင်းကိုဖြတ်၍ ဟင်းနှင့် ပင်ကျီးသွားကောက်ရာတွင် သေဆုံးသွားခဲ့ကြောင်း စေတီပြင်ကျေးရွာက ပရဟိတခေါင်းဆောင် ကိုအောင်မင်းစိုးက ABN သို့ပြောသည်။
“ပေတစ်ရာလောက်ရှိတဲ့ ချောင်းကိုဖြတ်လို့ ဟင်းခူးဖို့နဲ့ပက်ကျီးကောက်ဖို့သွားတာပါ၊ ကြွတက်တာဖြစ်မယ်ထင်ပါတယ်၊ ရေနစ်သေဆုံးသွားတာပါ” ဟု ဆိုသည်။
ရေနစ်သူအမျိုးသမီးသည် ယခင်ကလည်း ထိုချောင်းသို့ဖြတ်၍ မကြာခဏသွားရောက်ပြီး ဟင်းခူး၊ ပက်ကျီးကောက်နေသူဖြစ်ကြောင်းသိရသည်။
သူမသည် ချောင်းတစ်ဖက်ကမ်းသို့ ဖြတ်ကူးရာတွင်သေဆုံးသွားခဲ့ပြီး လက်ရှိအချိန်တွင် သေဆုံးသူ၏အလောင်းကို ညနေ ၅ ခန့်ကရရှိကြောင်း ဒိုးဝေကျေးရွာမှ ဦးမောင်လုံးချေက ပြောသည်။
“ဟင်းခူးဖို့ချောင်းတစ်ဖက်ကမ်းကိုသွားပါတယ်၊ အဲ့ဒီမှာရေနစ်ပြီးသေဆုံးသွားတာပါ၊ အလောင်းကိုတော့ ညနေ ၅ နာရီလောက်က ရတာပါ” ဟု ဆိုသည်။
လက်ရှိတွင်သေဆုံးသူ၏အလောင်းကို တာဝန်ရှိသူများက လာရောက်ဆေးမှုများပြုလုပ်သွားမည်ကြောင်းလည်းသိရသည်။
သြဂုတ်လနှင့် စက်တင်ဘာလအတွင်း၌ ရခိုင်ရှိမြို့နယ်အများစုတွင် ရေနစ်သေဆုံးမှုများနေ့တိုင်းလိုလိုရှိလာနေသည်ကိုတွေ့ရှိရသည်။