ABN-ကိုဟိန်းထွန်း
ဇွန် ၁၄ ရက်
ရှမ်းပြည်နယ်၊ မိုင်းလားမြို့တွင် ဘာသာစကားအခက်အခဲကြောင့် အလုပ်လက်မဲ့ဖြစ်၍ ရခိုင်သား ၁၆ ဦးလမ်းဘေးရောက်နေရကြောင်း ဒေသခံတစ်ဦးထံမှ သတင်းပေးပို့ချက်အရသိရသည်။
၎င်းတို့သည် မိုင်လား-ကျိုင်းခမ်းကြားရှိ ကြံခင်းတွင် အလုပ်လုပ်ကိုင်ခဲ့ပြီး လုပ်အားခ ငွေကြေးပြန်တောင်းချိန်တွင် ဘာသာစကားမကျွမ်းကျင်သည့်အတွက် အလုပ်ရှင်နှင့် နားလည်မှုလွဲကာ စကားများခဲ့ကြကြောင်း သိရသည်။
ထို့နောက် ၎င်းတို့မှာ မိုင်းလားသို့ပြန်လာခဲ့ပြီး မိုင်းလားတွင်လည်း အလုပ်လက်မဲ့ဖြစ်ကာ တည်းခိုစရာအိမ်မရှိ၍ လမ်းဘေးတွင်အိပ်နေကြရကြောင်း ဒေသခံတစ်ဦးက ABN သို့ပြောသည်။
“သူတို့က မိုင်လားနဲ့ကျိုင်းခမ်းကြားမှာရှိတဲ့ ကြံခင်းမှာအလုပ်သွားလုပ်ကြတယ်၊ အလုပ်ပြီးတော့ပိုက်ဆံတောင်းကြပါတယ်၊ သူတို့ကတရုတ်စကားလည်းသိပ်မကျွမ်းပါဘူး၊ အလုပ်ရှင်နဲ့နည်းနည်းစကားများကြပြီး မိုင်းလားကိုပြန်လာတယ်၊ပိုက်ဆံလည်းမရခဲ့သေးဘူး၊ လူကလည်းအများကြီးဖြစ်တဲ့အတွက် အခန်းငှားဖို့ပိုက်ဆံမရှိလို့ နာရီစင်တံတားအောက်မှာအိပ်ကြပါတယ်” ဟု ဆိုသည်။
ဘာသာစကားအခက်အခဲကြောင့် လမ်းဘေးရောက်နေသူများမှာ မြောက်ဦးမြို့နယ်၊ လက်ယာကျေးရွာမှ အသက် ၄၄ နှစ်အရွယ် ဦးကျော်သိန်းမောင်၊ စက်သားကျေးရွာမှ အသက် ၂၂ နှစ်အရွယ် မောင်သန်းမင်းဇော်၊ သင်းပန်းကိုင်း ကျေးရွာမှ အသက် ၂၄ နှစ်အရွယ် မခိုင်သူနွယ်၊ အသက် ၃၇ နှစ်အရွယ် မမေသိန်းချေ၊ ခမောင်းဆိတ်ကျေးရွာမှ အသက် ၂၈ နှစ်အရွယ် မောင်တင်စောဝင်း၊ မြောင်းဘွယ်ကျေးရွာမှ အသက် ၃ဝ ကျော်အရွယ် ဦးမောင်ဘု၊ ပေါက်တောမြို့နယ် မနော်သိီရိကျေးရွာမှ အသက် ၄၂ နှစ်အရွယ် ဦးကျော်သိန်း၊ အသက် ၃၃ နှစ်အရွယ် ဒေါ်ဦးဌေးဝင်း၊ ငခူရှည်ကျေးရွာမှ အသက် ၅၂ နှစ်အရွယ် ဦးလှကျော်၊ အသက် ၂၇ နှစ်အရွယ် ဦးသန်းဝင်း၊ မင်းပြားမြို့နယ် စွန်ရဲကျေးရွာမှ အသက် ၃၂ နှစ်အရွယ် မောင်ထွန်းမြင့်၊ ရသေ့တောင်မြို့နယ် စပါးထားကျေးရွာမှ အသက် ၂၄ နှစ်ရွယ် မမျိုးချစ်ခင်၊ ဘူးသီးတောင်မြို့နယ် မင်းလှကိုင်းကျေးရွာမှ အသက် ၂၀ အရွယ် မောင်ဇော်အေးထွန်း၊ အသက် ၂၇ နှစ်အရွယ် မောင်ထွန်းချေဝင်း၊ အသက် ၂၇ နှစ်ရွယ် မောင်သိန်းနိုင် နှင့် အသက် ၂၅ နှစ်အရွယ် မောင်ဇော်ဇော်ဝင်းတို့ ဖြစ်ကြသည်။
အခြားကုန်တင်ကုန်ချလုပ်နေသည့် လူ ၄ ဦးလည်း အလုပ်အကိုင်၊ ဘာသာစကားအဆင်မပြေ၍ ၎င်းတို့နှင့်အတူ လမ်းဘေးတွင်အိပ်ခဲ့ရကြောင်းသိရသည်။
အဆိုပါငွေကြေးများကို တရုတ်စကားကျွမ်းကျင်မှုရှိသည့်ရခိုင်သားတစ်ဦးက အလုပ်ပိုင်ရှင်နှင့် ဆွေးနွေးပြီး ဖြေရှင်းပေးခဲ့သော်လည်း လုပ်အားခရသည့်လစာနည်းလွန်းသည့်အတွက် အဆင်မပြေဖြစ်နေရကြောင်း ၎င်းမှ ဆက်၍ပြောသည်။
“သူတို့ရမယ့်ပိုက်ဆံကို တရုတ်စကားပြောတတ်တဲ့သူတစ်ယောက်က အလုပ်ပိုင်ရှင်နဲ့ဆွေးနွေးပြီး ဖြေရှင်းပေးပါတယ်၊ ပိုက်ဆံတော့ရပါတယ်၊ ရတဲ့လစာကနည်းလွန်းတဲ့အတွက်ကြောင့် အခုလိုအခက်အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတာပါ” ဟု ဆိုသည်။
မိုင်းလားမြို့တွင်အဓိက အလုပ်အကိုင်များမှာ KTV များ၊ တရုတ်စားသောက်ဆိုင်များ၊ ပန်းရံများ၊ ကြံခင်းများနှင့် ရာဘာခင်းများနှင့် မူးယစ်ဆေးဝါးများကို တရားမဝင်ဖြန့်ဖြူးရောင်းချခြင်းဖြစ်ကြောင်း သိရသည်။
ရခိုင်အမျိုးသမီးအများစုသည် တရုတ်စားသောက်ဆိုင်များတွင် အဓိကလုပ်ကိုင်လျက်ရှိပြီး၊ တစ်ခြားနေရာများတွင်လည်း အနည်းအကျဥ်းလုပ်ကိုင်နေကြကြောင်းသိရသည်။
ရှမ်းပြည်နယ်အထူးဒေသ ( ၄) မိုင်းလားမြို့သည် တရုတ်နိုင်ငံနှင့်နယ်နိမိတ်ချင်းထိစပ်လျက်ရှိသည့် မြို့ဖြစ်သည်။