ABN-မေ ၂၆ ရက်
ရခိုင်ပြည် ပုဏ္ဏားကျွန်းမြို့နယ် ဆင်အင်းကြီးရွာထဲသို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဝင်ရောက်လာ၍ ကျေးရွာသားများ အားလုံး ဘေးလွတ်ရာ ထွက်ပြေးနေကြရကြောင်း ABN သတင်းထောက် သတင်းပေးပို့လာသည်။
စစ်ကောင်စီတပ်သား အင်အား ၁၀ ကျော်ခန့် စစ်ကား ၁ စီးဖြင့် ဆင်အင်းကြီးရွာထဲတွင် ဝင်ရောက်နေကြောင်း သိရသည်။
ရွာသားများမှာ တိုက်ပွဲ ဖြစ်လာမည်ကို စိုးရိမ်၍ ထွက်ပြေးနေကြခြင်းဖြစ်ကြောင်း ရွာသားတစ်ဦးက ပြောသည်။
“ကျနော်တို့ရွာထဲကို ဝင်ပြီး တခေါက် လူ ၁၀ ပစ်သတ်သွားခဲ့ပြီ။ မီးလည်း ရှို့ခဲ့တယ်။ အခုလည်း ရွာထဲ သူတို့ (စကစ) ဝင်လာတော့ တိုက်ပွဲ ဖြစ်မှာ ကျနော်တို့ ကြောက်လို့ ပြေးကြတာပါ” ဟုပြောသည်။
ပြီးခဲ့သည့် နှစ်ကုန်ပိုင်း နိုဝင်ဘာ ၁၀ ရက်နေ့က စစ်ကောင်စီတပ်က ဆင်အင်းကြီးရွာထဲကို ဝင်ရောက်ပြီး ရွာသားများကို ပစ်သတ်သွားခဲ့ပြီး နေအိမ် ၁၀ ကျော်ကိုလည်း မီးရှို့ဖျက်ဆီးခဲ့သည်။
ဓာတ်ပုံ-ABN