ယနေ့ နံနက် ၉ နာရီခန့်က ရခိုင်ပြည် စစ်တွေမြို့တွင် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ထင်လတ်ဦးသည် စစ်တွေရှိ စစ်မှူးထမ်းဟောင်းများနှင့် အစည်းအဝေးပြုလုပ်လျက်ရှိရာ ထိုအစည်းအဝေး၏ လုံခြုံရေးကို ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP မှအဖွဲ့သားများလည်း စစ်ကောင်စီအဖွဲ့များနှင့်အတူ စောင့်လျက်ရှိကြောင်း ခိုင်မာသည့် သတင်းရင်းမြစ်များအရ သိရသည်။
စစ်တွေမြို့ ဓညဝတီရပ်ကွက်နှင့် နာဇီရွာအစပ်ရှိ ၄ ထပ်ဆောင်တွင် နပခတိုင်းမှူး ထင်လတ်ဦး စစ်မှူးထမ်းဟောင်းများနှင့် ပြုလုပ်သည့် အစည်းအဝေးတွင် ALP က စစ်ကောင်စီတပ်သားများနှင့်အတူ လုံခြုံရေး ယူလျက်ရှိကြောင်း မျက်မြင်သတင်းရင်းမြစ်တစ်ဦးက ပြောသည်။
“ တိုင်းမှူးထင်လတ်ဦးကတော့ မနက် ၉ နာရီလောက်မှာ ရောက်လာပြီး ၄ ထပ်ဆောင်ပေါ်ကို တက်သွားတာတွေ့လိုက်ပါတယ်။ တိုက်အောက် ပတ်လည်မှာ ALP အဖွဲ့တွေနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လုံခြုံရေး ယူထားတာတွေ့ရပါတယ်။ ကျမကတော့ ဒါကိုမြင်တော့ အရမ်းပဲ အံ့သြသွားပါတယ်” ဟုပြောသည်။
ရခိုင်ပြည်လွတ်မြောက်ရေးတပ်မတော် ALA/ ပါတီ ALP သည် စစ်ကောင်စီဖိတ်ခေါ်သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို မကြားသေးမီက ၂ ကြိမ်တိုင်တိုင် တက်ရောက်ခဲ့ပြီးနောက် ရခိုင်ပြည် နယ်ခြားစောင့်တပ် BGF အဖြစ် အသွင်ပြောင်းလာနိုင်ဖွယ်ရှိကြောင်းဝေဖန်သံများထွက်လျက်ရှိသည်။
ထိုသို့ ဝေဖန်သံများထွက်ပေါ်မှုနှင့်ပတ်သက်၍ BGF အဖြစ် အသွင်းပြောင်း တာဝန်ယူရန် ALP နှင့် စစ်ကောင်စီကြား ဆွေးနွေးမှု မရှိကြောင်း ALP ၏ ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးဖြစ်သည့် စောမြရာဇာလင်းက DMG သတင်းဌာနဲ့ အောက်တိုဘာ ၆ ရက်နေ့က အင်တာဗျူးတွင် ဖြေထားသည်။
ALP သည် 2012 ခုနှစ်က မြန်မာစစ်တပ်နှင့် အပစ်အခတ်ရပ်စဲရေး NCA တွင် လက်မှတ်ရေးထိုးထားပြီး လက်ရှိတွင် စစ်တွေမြို့ နာဇီရွာတွင် ရုံးဖွင့်ပြီး စစ်တွေမြို့အတွင်း ပြည်သူများစစ်ဆေးခြင်း၊ လမ်းသွားလမ်းလာများအား စစ်ဆေးခြင်းနှင့် ဖမ်းဆီးခြင်းများ ပြုလုပ်လျက်ရှိသည်။