သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်တွေ အိန္ဒိယဆိပ်ကမ်းဖွင့်ပွဲတွင် ရခိုင်က သတင်းသမားများ သတင်းယူခွင့်မရ

စစ်တွေ အိန္ဒိယဆိပ်ကမ်းဖွင့်ပွဲတွင် ရခိုင်က သတင်းသမားများ သတင်းယူခွင့်မရ

ABN-ရှိုင်းမိုး

ယမန်နေ့ မေလ ၉ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် အိန္ဒိယ- မြန်မာချစ်ကြည်ရေးစီမံကိန်းတစ်ခုဖြစ်သည့် စစ်တွေမြို့ အိန္ဒိယဆိပ်ကမ်းကိုဖွင့်လှစ်ခဲ့ရာတွင် ရခိုင်က ဒေသခံသတင်းထောက်များကို သတင်းယူခွင့် မပြုခဲ့ကြောင်း တွေ့ရသည်။

ထိုဆိပ်ကမ်းဖွင့်ပွဲကို အိန္ဒိယ၏ ကုန်စည်သယ်ယူပို့ဆောင်ရေးနှင့် ရေကြောင်းပို့ဆောင်ရေးဝန်ကြီးဌာနဝန်ကြီး H.E. Shri Sarbananda Sonowal၊ စစ်ကောင်စီ ပြည်ထောင်စု ဒုတိယဝန်ကြီးချုပ်၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းတို့ကဖွင့်လှစ်ခဲ့ကြသည်ဟုသိရသည်။

ရခိုင်ပြည်ရှိ ဒေသခံ သတင်းသမား သတင်းထောက်များကို ဆိပ်ကမ်းအတွင်းသို့ ဝင်ခွင့်မပြုဘဲ စစ်ကောင်စီ၏ မီဒီယာကိုသာ ဝင်ခွင့်ပြုခဲ့ကြောင်း ယမန်နေ့က သတင်းယူရန် ရောက်ရှိခဲ့သည့် သတင်းထောက် ၁ ဦးက ABN သို့ပြောသည်။

ကျနော်တို့ ရခိုင်က လွတ်လပ်တဲ့ သတင်းမီဒီယာတွေကို ဆိပ်ကမ်းထဲတောင် ပေးမဝင်ပါဘူး။ ဓာတ်ပုံလည်းမရိုက်ရဘူး။ စစ်ကောင်စီသတင်းဌာနကိုတော့ ဝင်ခွင့်ပေးတာ တွေ့လိုက်ပါတယ်” ဟုပြောသည်။

အိန္ဒိယ-မြန်မာ ချစ်ကြည်ရေး တံတားဖွင့်ပွဲကိုတောင် ပွင့်လင်းမြင်သာအောင် မလုပ်ခဲ့ခြင်းသည် ဝေဖန်စရာများဖြစ်နေပြီး၊ ယခုဆိပ်ကမ်းသည်အာဏာသိမ်း စစ်ကောင်စီ၏ လက်နက် သယ်ယူပို့ဆောင်ရေးအတွက်သာ ဖြစ်လာနိုင်ကြောင်း ဝါရင့်ရခိုင်သတင်းထောက် ၁ ဦးက ဝေဖန်ပြောဆိုသည်။

“ဖွင့်ပွဲတောင် သတင်းယူခွင့် မရဘူးဆိုတော့ အာဏာသိမ်းစစ်ကောင်စီနှင့်ပေါင်းပြီးလုပ်တဲ့ ဒီပရောဂျက်က တကယ်ပဲ ​ဒေသခံပြည်သူတွေအတွက် အကျိုးဖြစ်မလားဆိုတာ မေးခွန်းထုတ်စရာ ဖြစ်လာတာပေါ့။ မီဒီယာဆိုတာ ပွင့်လင်းမြင်သာမှုအတွက် ကြားခံတစ်ခုပါ။ ဒါကိုမှ သတင်းယူခွင့်မရဘူးဆိုရင်တော့ စစ်ကောင်စီရဲ့ လက်နက်မှောင်ခိုတွေအတွက် သုံးမယ့် လမ်းကြောင်းဖြစ်လာနိုင်တယ်” ဟု ပြောသည်။

အိန္ဒိယ-မြန်မာချစ်ကြည်ရေး ရေနက်ဆိပ်ကမ်းကို ၂၀၁၆ ခုနှစ်က စတင်တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ဒေသတွင်း ကူးသန်းရောင်းဝယ်ရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများအား မြှင့်တင်ရေးတို့အတွက်ဖြစ်ကြောင်း သိရသည်။

ဖွင့်ပွဲနေ့တွင် အိန္ဒိယမှ တင်ဆောင်လာသည့် ဘိလပ်မြေ တန်ချိန် ၁၀၀၀၊ အိတ်ပေါင်း ၂၀,၀၀၀ တင်ဆောင်လာတဲ့ သင်္ဘောကြီးသည်လည်း စစ်တွေဆိပ်ကမ်းသို့ရောက်ရှိခဲ့သည်ဟု သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ